ရတနာ …
=======
ကျွန်တော် တို့ ဗုဒ္ဓဘာသာဝင်များ ဘုရားရှိခိုးကန်တော့ကြတဲ့အခါ….ရတနာမြတ်သုံးပါး ဆိုတာ မကြာခဏ ရွတ်ဆိုမိကြတဲ့ ဝေါဟာရတစ်ခုပါ။ အဲဒီ့လို နေ့စဉ်ရွတ်ဆိုနေမိလောက်တဲ့ ရတနာ ဆိုသည်အကြောင်း ကို ဗေဒင်ပညာရပ်ဆိုင်ရာ ရှုထောင့်ကနေ ဒီကနေ့ နဲနဲ လေ့လာကြည့်ကြပါစို့..။
ရတနာ ..သို့မဟုတ် အမြတ်တနိုး တန်ဖိုးထားရာ ဆိုသည်ကို လောကသဘာဝ ဂြဟကာရက ရှုထောင့်အရ ဘယ်ဂြိုဟ်က ပိုင်ဆိုင်ကာရက ပြုထားပါသလဲ….။ ဒီမေးခွန်းလေးကို စတင်တွေးကြည့်ကြပါ။
ကျောက်မျက်ရတနာတွေနဲ့ ပတ်သက်တဲ့ ဟောကွက်တွေမှာဆို …ဗေဒင်ပညာရှင်အများအပြား ..တနင်္လာဆို ပုလဲ ၊ အင်္ဂါဆို ကျောက်စိမ်း ၊ သန္တာ…စသည်ဖြင့် ဘာညာ လက်ရိုးလက်ဆန်း …နည်းလမ်းမျိုးစုံ အသုံးပြုနေကြတာပါပဲ။ ထားတော့ …ကျောက်မျက်ရတနာတွေကို ဘယ်ကျောက်မျက်ကို ဘယ်ဂြိုဟ် လွှမ်းမိုးထားတယ်ဆိုတာ နောက်မှ ၀ိဝါဒ ကွဲကြ ပါဦး ..။ ကနဦးအားဖြင့် …ခြုံငုံလို့ ရတနာအားလုံးကို ဘယ်ဂြိုဟ်က ကာရကပြုလွှမ်းမိုးထားတယ် ဆိုတာလေး …. ကနဦး သိထားဖို့လိုပါလိမ့်မယ်။ လက်ဆန်းဗေဒင်လောကမှာကတော့ ကျောက်ဟေ့ ဆိုတာနဲ့ ….တနင်္လာပဲ ကောက်ယူလိုက်ကြတာများပါတယ်။ ဒါလည်းသေချာတွေးကြည့်ရင် လမ်းအကျကြီး မဟုတ်သေးပါ။
ပညတ်အရ ကောက်ယူမှု ဟာ ….မှန်ကန်တာလေးတွေ အများကြီးရှိသည့်တိုင်အောင် ….လမ်းပေါ်က ကျောက် လည်း တနင်္လာ ၊ မှန်ကောင်တာထဲက …ရတနာကျောက်လည်း တနင်္လာ…၊ ကလေးကစားတဲ့ဖန်ဂေါ်လီကျောက်လည်း တနင်္လာ …လုပ်ရမယ့် အနေအထား မျိုး။ တစ်ကယ့်အနှစ်သာရ သည်းချေထိ ဘ၀မကျနိုင်စရာတော့ အမှန် ..။
ကဲ….ဒီလိုလေး-ကျွန်တော်တို့တွေးကြည့်ကြရအောင် …။
တနင်္ဂနွေဂြိုဟ်ရဲ့ ဂြဟကာရကကို ….ပြန်အစကောက်ကြည့်ကြပါစို့..။
တနင်္ဂနွေဂြိုဟ်သည် နေမိသားစု မှာ ကနဦးအစဂြိုဟ် ။ ဖခင် ၊ အကြီးအကဲ ၊ အဓိက အရေးအပါဆုံး ပုဂ္ဂိုလ်၊ နေရာတိုင်းမှာ …အရေးပါအရာရောက် အဓိကကျ…အလေးထားရ …မယ့် အချင်းအရာတွေ ပေါ် လွှမ်းမိုးတဲ့ဂြိုဟ်။ နေမရှိရင် …မဖြစ်ဘူး ၊ အားလုံးသေကြေပျက်ဆီးသွားနိုင်သလို …. တနင်္ဂနွေဂြိုဟ် (နေမင်း) သည်…. မရှိမဖြစ်လိုအပ်နေသော အရာများ ….၊ အရေးပါသော တန်ဖိုးထားရမည့် အရာများအပေါ် လွှမ်းမိုးထားပါတယ်။ ဒါကြောင့်လည်း ….တနင်္ဂနွေဂြိုဟ်ဟာ …တိုင်းပြည်တစ်ပြည်မှာ …ရှင်ဘုရင် ၊ ရပ်ကွက်တစ်ခုမှာ ဥက္ကဌ ၊ မိသားစုတစ်စု မှာ အိမ်ထောင်ဦးစီးဖြစ်သူ ဖခင် …စသည်ဖြင့်သော အရေးအပါဆုံးသော သူတွေအပေါ် ဂြဟကာရကပြုလွှမ်းမိုးထားတာဖြစ်ပါတယ်။
တစ်ကယ်တော့ .. လောကမှာ မရှိမဖြစ် လိုအပ်သော ၊ တန်ဖိုးထားရသော ၊ အလေးထားရသော အရာ ….တနည်းအားဖြင့် ရတနာ ဆိုတာ ….တနင်္ဂနွေဂြိုဟ်က ကာရကပြုထားတာ ပါပဲ ။ ရတနာ ဟူသည် ကကို….အမြတ်တနိုး တန်ဖိုးထားရာ ကို ညွှန်းဆိုတာ မဟုတ်ဘူးလားခင်ဗျာ ။
ဒီနေရာမှာ ရတနာ ဆိုတာနဲ့ ကျောက်မျက်ရတနာတွေကိုချည်း ပြေးမမြင်ကြစေလိုပါ။ စာပေသမားတစ်ယောက်အတွက် တော့ သူ့ရဲ့ ရတနာဆိုတာက … စာအုပ်တွေ စာဖိုင်တွေပါပဲ။ စစ်သားတစ်ယောက် အတွက် ကတော့ သူ့ရဲ့ရတနာ ဆိုတာက သူ့ရဲ့ သေနတ်နဲ့ကျည်ဆံ ဖြစ်ပါမယ်။ (စကားစပ်လို့ သုတပြောပြရရင်.. အဲဒီ့တနင်္ဂနွေ အင်အားပျက်နေချိန်မှာ… လက်နက်ပျောက်ဆုံးမှုနဲ့ အရေးယူခံရတဲ့ စစ်မှုထမ်း၊ ရဲအမှုထမ်း ဇာတာရှင်တွေ တွေ့ရနိုင်ပါသဗျာ ) ။ ထားပါတော့ …. ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် …ထိုသူ တန်ဖိုးထား အလေးထား မြတ်နိုးရမယ့် အရာ (၀ါ) ရတနာ ဟူသည်ကို တနင်္ဂနွေဂြိုဟ်က လွှမ်းမိုးထားပါတယ်။ ဒီအချက်ကလေး ကို စတင် သဘောပိုက်ထားပြီးရင် …တစ်ခြားတစ်ဖက်ကို ဆက်ကြပါဦးစို့ ..။
တနင်္ဂနွေသည် … ဂြဟကာရက သဘောအရ ….အဖိုးထိုက်တန်သော အရာများ အပေါ် လွှမ်းမိုးထားသည် ဆိုသည့်အတိုင်း …၊ ဒီကမ္ဘာပေါ်က တွင်းထွက်ကျောက်မျက်ရတနာတွေ၊ သဘာဝသယံဇာတတွေ ..အားလုံးအပေါ်မှာ လွှမ်းမိုးထားပါတယ်။ စကားဖြတ်လို့….တစ်ခု ပြောရရင် …စင်္ကာပူမှာတုန်းက …ရေနံတူးဖော်ရေးဌာနတစ်ခုမှာ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေရတဲ့ ပုဂ္ဂိုလ်ကြီးက စကားစပ်တုန်း …ကျွန်တော့်ဇာတာ နဲ့ နာမည်မှာကျတော့ ရေနံနဲ့ ပတ်သက်ပြီး အကျိုးပေးတာ မျိုး ဆရာတို့ တွေ့ရသလားခင်ဗျ လို့ ရယ်ရွှန်းရွှန်းနဲ့ မေးဖူးပါတယ်။
သူ့နာမည် က ( ကြာသာပတေးနံ အစပြုပြီး + တနင်္ဂနွေနံ ) အဆုံးသတ်ထားတဲ့ ….အမည်ပိုင်ရှင် ဗုဒ္ဓဟူးနေ့ဖွားပါ။ မူလ မဟာဘုတ်ဇာတာက …ငါးခုကြွင်းဖွား ဇာတာရှင်ပါ။ ဆိုတော့ နာမည်အဖျားစာလုံးက မရဏမှာရပ်တည်နေသော ဗုဒ္ဓဟူးနေ့ဖွား ဆိုပါတော့။
တစ်ကယ်တော့ …သူမှည့်ခေါ်ထားတဲ့ အမည်က အမည်အဖျားစာလုံး ..တနင်္ဂနွေကကို …သဘာဝသယံဇာတတွေနဲ့ သက်ဆိုင်တဲ့ဂြိုဟ်လေး ဖြစ်ပြီး..၊..တူးဖော်ရေး လုပ်ငန်းတွေ၊ သတ္တုတွင်း မိုင်းတွင်း လုပ်ငန်းတွေ၊ ကိုလွှမ်းမိုးထားသော မရဏဌာနမှာရပ်တည်ထားတာပါ။ သူ့အတွက်က ရယ်ရွှန်းရွှန်း မေးခဲ့တာဖြစ်ပေမယ့် ..၊ ကျွန်တော့်အတွက်ကတော့ လေ့လာသုတေသနပြုနေတဲ့ မှတ်တမ်းမှာ အကျိုးရှိတဲ့ မှတ်စုတစ်ခုတိုးခဲ့တာပါပဲ။
ဒီတော့ အစပြန်ကောက်ရရင်….မည်သည့် ရတနာ အကျိုးမျိုးကို မဆို တနင်္ဂနွေဂြိုဟ်ရဲ့ ဂြဟကာရက နဲ့ ဦးစွာ ကောက်ယူ ချင့်ချိန်ကြသင့်ပါတယ်။ မဟာဘုတ်အကြွင်းဖွားတွေထဲမှာတော့ (တနင်္ဂနွေဂြိုဟ်ကသစ်မူနေသော) …သုံးခုကြွင်းဖွားတွေဟာ ရတနာတွေနဲ့ အကျိုးအပေးတတ်ဆုံး …၊ အကျိုးပေးအား အသန်ဆုံး အကြွင်းဖွားတွေလို့ ဆိုနိုင်ပါတယ်။
လက်တွေ့ပိုင်းမှာလည်း ကျောက်မျက်ရတနာ လုပ်ငန်းတွေ ၊ သဘာဝ သယံဇာတလုပ်ငန်းတွေနဲ့ အကြီးအကျယ်အောင်မြင်နေကြသော သုံးခုကြွင်းဖွား များစွာကို ပြင်ပလောကမှာ တွေ့မြင်ရနိုင်ပါတယ်။
ဂြဟကာရက လေ့လာမှု ခရီးတစ်လျှောက်မှာ ကျွန်တော် ကြိမ်ဖန်များစွာ သတိပြုမိတာလေးတစ်ခုကတော့ …တနင်္ဂနွေဂြိုဟ်ဟာ ….တစ်ကယ့် အသက်သွေးကြော ပင်မအချင်းအရာတွေအပေါ် …လွှမ်းမိုးထားတာပဲ ဖြစ်ပြီး…၊ ဇာတာဟူသမျှမှာလည်း ..အလွန်အင်မတန်အရေးကြီး ၊ အရေးပါတဲ့ ဂြိုဟ်ကလေးပါပဲ။ အတိသောမတွေ ဘယ်လောက်ကောင်းကျိုးပြုနေနေ…တနင်္ဂနွေဂြိုဟ်အင်အား နိမ့်ပါးနေတဲ့ … မူလဇာတာရှင်တွေဟာ အပြစ်ကို မနဲဖုံးနေရ ချုပ်တီးနေရ ..ချိုးနှိမ်နေရတဲ့ ..အနေအထားတွေ နဲ့ ဘ၀ကို ဖြတ်သန်းကြရပါတယ်။
အဲဒီ့လိုပါပဲ….အဆိုပါတနင်္ဂနွေ ဂြိုဟ်ကို အင်အားပျက်ပြားစေမယ့် အမည်မျိုး မှည့်ခေါ်မိနေရင်လည်း ….ဘ၀မှာ …အရေးအပါဆုံး အဓိကအထားဆုံး ၊ တန်ဖိုးအထားဆုံးအကြောင်းအရာတွေနဲ့ ပတ်သက်ရင် ကံဆိုးမိုးမှောင်ကျမှုတွေ ပေါ်ပေါက်လာစေနိုင်တာ အမှန်ပါ။ ကုန်ကုန်ပြောရရင်…တနင်္ဂနွေ အပျက်ဆုံးအနေအထားဟာ ဗုဒ္ဓဘာသာဝင်များ အဖို့တော့ ဘုရားတရားသံဃာ ..ကွယ်သွားတဲ့ အခြေအနေပါပဲ ။ အင်မတန်ကြောက်စရာကောင်းလှပါတယ်။
ကဲ…နောက်ဆက်မယ့် ဆောင်းပါးအချို့မှာ ….တနင်္ဂနွေဂြိုဟ် အင်အားကောင်းမွန်အောင် ပြုကျင့်အပ်သော အချက်ကလေးတွေကို …ကျွန်တော်ဆက်လက်တင်ပြပေးပါဦးမယ်ခင်ဗျား။ အားလုံးပဲ……….ရတနာဖြင့် ပြီးပြည့်စုံနိုင်ကြပါစေ…။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
09 318 17 287

No comments:
Post a Comment