အခုတင်ပြမှာကတော့
ဆရာကြီးရေးခဲ့တဲ့ ဆောင်းပါးတွေထဲက အကြိမ်ကြိမ်ဖတ်ခဲ့တဲ့ ဆောင်းပါးလေး
တစ်ပုဒ်ပါ မဖတ်ရသေးတဲ့ သူတွေအတွက် တစ်ခုတစ်ခုတော့
ရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အခုလိုမျိုး စာရိုက်လိုက်တဲ့ အတွက်
ကျွန်တော့် အတွက်လဲ အလွတ်လောက်နီးနီး မှတ်မိသွားတာမို့ မိတ်ဆွေများ
ကောင်းကျိုးကို လိုလားပါသဖြင့် တင်ပြလိုက်ရပါတယ်ဗျာ။
ဆရာကြီးမင်းသိင်္ခ ရေးခဲ့တဲ့ မူရင်းအတိုင်း ပြန်လည် တင်ပြလိုက်ရပါတယ်။
တညင်းသီးနဲ့ ဝက်နို့အုံသား
တနေ့သ၌ ကျွန်ပ်နေထိုင်ရာ မှော်ဘီမြို့ အစွန် မရမ်းတလင်းတောရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ပ်၏ မိတ်ဆွေဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းကိုပီတာကြီးသည် စိတ်မနှံသူတစ်ဦးဖြစ်၏။ ကျွန်ပ်နေထိုင်ခဲ့သော ရပ်ကွက်မှ လူများသည် ၎င်းအား အရူးပီတာဟုခေါ်ကြကုန်၏။ ကျွန်ပ်ကမူ မခေါ်ရက်ပါ၊ သူသည်ကျွန်ပ်ကို လွန်စွာမှခင်မင်၏။ ကျွန်ပ်ရှိရာ အရပ်သို့ ရောက်လာတတ်မြဲ ဖြစ်၏။ ကျွန်ပ်ကို မြင်လျှင် မြင်ချင်း……….
ဟေ့ ဖိုးအောင်ထွန်း၊ ဂွတ်မောနင်း…..ဂွတ်ဒ်နိုက်ဟု သူ၏ထုံးစံအတိုင်း ကိုးရို့ကားယား နှုတ်ဆက်လေ၏။ ကျွန်ပ်သည် ၎င်းအားကျွန်ပ်၏ ခြံမှဖျော်သော မနောမယ လက်ဖက်ရည် တခွက် တိုက်လိုက်၏။ ၎င်းက မသောက်မီ ကျွန်ပ်အား……..ဘာလဲဟုမေးလေ၏။ ထိုအခါ ကျွန်ပ်က……." သောကရတတ် မပွေရအောင် …မနောမယလက်ဖက်ရည် တိုက်တာ..ဟုပြောလိုက်လျှင်..သူသည် ကျွန်ပ်တိုက်ကျွေးသော လက်ဖက်ရည်ကို သောက်ပြီးနောက်….ဘဲရီးဂွတ်ဒ်….ဘဲရီးဘက်ဒ်…ဟုပြောလေ၏။
နေစမ်းပါအုံး ကိုပီတာကြီးရယ်…ဘာတွေဂွတ်ဒ်ပြီး…..ဘာတွေဘက်ဒ် နေပြန်တာတုံး……ဟုကျွန်ပ်က မေးလိုက်ရင် ၎င်းက……သောကရတတ်မပွေရအောင်….မနောမယ လက်ဖက်ရည်ဆိုတာကောင်းတယ်.. ဒါပေမဲ့ လက်ဖက်ရည်က ခါးတယ်၊ ဒါ့ကြောင် သောကရတတ်ပွားတဲ့ လက်ဖက်ရည်ခါးလို့ ပြောရင် ကောင်းတယ်။ ဟုပြောကာ ရယ်မောလေတော့၏။ ထို့ကြောင့် ကျွန်ပ်က ကိုပီိတာကြီးမှာ အားနာတယ်ဆိုတာမရှိဘူးနော်.. ပြောချလိုက်တာ……ဟုပြောလိုက်ရာ…ကိုပီတာကြီးက….အားနာတယ်ဆိုတာ ဘာဖြစ်တာလဲသိလား၊ ပြောချင်ပါလျက်…အပြောရခက်နေတာကို..အားနားတယ်လို့ခေါ်တာကွ….ငါကဘယ်တော့မှ အပြောရမခက်ဘူး၊ အဲ့ဒါကြေင့် ငါမှာအားနာတယ်ဆိုတာ မရှိဘူး၊ ဘာဖြစ်လို့ အပြောရခက်မှာလဲကွာ၊ မကြိုက်တာကို မကြိုက်ဘူးလို့ပြောမယ်၊ ကြိုက်တာကို ကြိုက်တယ်လို့ပြောမယ်၊ ဘယ်ကိစ္စမဆို ကိုယ့်ရဲ့ အတွင်းစိတ်နဲ့ပဲ မှတ်ကျောက်တင်မယ်၊ သူများကြိုက်လို့ ကိုယ်ကလိုက်ပြီး ကြိုက်စရာ မလိုပါဘူး၊ ဟုပြောလေ၏။
…နေစမ်းပါအုံး ကိုပိတာကြီးရယ်..ကိုယ်ကမကြိုက်ဘဲနဲ့ သူများကြိုက်တာနဲ့ လိုက်ပြီး ကြိုက်တဲ့ ကိစ္စမျိုးရှိကြလို့လား…ဟုမေးလိုက်ရာ…
ရှိတယ်ကွ..စာအုပ်တစ်အုပ်ဆိုပါတော့ကွာ..ပညာတတ် အသိုင်းအဝိုင်းနဲ့ တတ်သိနားလည်တဲ့ သူတွေက အရမ်း ကြိုက်ကြတယ်… ငါ့အိမ်နားက ဂွတိုဆိုတဲ့ကောင်က သူလဲဘာမှနားမလည်ပဲ ဒီစာအုပ်ကို အရမ်းကြိုက်ပြနေတယ်။ ငါသိပါတယ်ကွာ၊ အဲ့ဒါကို မကြိုက်ဘူးဆိုရင် သူ့ကို လူတွေက အထင်သေးသွားလိမ့်မယ် ထင်ပြီး သူကခပ်သည်းသည်းလေး ကြိုက်ပြနေတာ…အဲ့ဒီလိုပဲကွ၊ ဟန်ဘာဂါဆိုတဲ့ ပေါင်မုန့် အသားညှပ်မုန့်တွေ ပေါ်ကာစမှာ ဂွတိုက သူလည်း တကယ်မကြိုက်ပဲနဲ့ ဟန်ဘာဂါကို နေ့တိုင်း ဝယ်စားပြနေတယ်။ နောက်တော့ ပီဇာဆိုတဲ့ မုန့်တစ်မျိုးပေါ်ပြန်ရော၊ အဲ့ဒီအခါမှာလည်း သူဟာ ပီဇာမုန့်ကို တကယ်မကြိုက်ပဲနဲ့ ဝယ်စားပြနေရရှာတယ်။ အဲ့ဒီလို လူစားမျိုးတွေ ရှိတယ် ငါလူ၊ ငါကတော့ အဲ့ဒီအထဲဘယ်တော့မှ မပါဘူး…ငါတကယ်ကြိုက်တာကိုမှ..ကြိုက်တယ်လို့ပြောတာ…ငါမကြိုက်တာရှိရင် ဘယ်သူနဲ့တူအောင်ဆိုပြီး တစ်ခါမှ လိုက်ပြီး မကြိုက်ဖူးဘူး၊ ဟု ကိုပီတာကြီးမှ ပြောလေ၏။
ကဲပါဗျာ…ဒါတွေထားလိုက်ပါတော့..ဒီနေ့ မနက်စာ ခင်ဗျားကြိုက်တာကိုပဲ ပြောပါ၊ ကျုပ်ချက်ကျွေး စမ်းပါ့မယ်…ဟုကျွန်ပ်ကပြောလိုက်လျှင် ကိုပီတာကြီးက…
ဈေးထဲမှာ တညင်းသီးတွေပေါ်နေပြီကွ…တညင်းသီးကြီးကြီးကို နှစ်ခြမ်းခွာ..ဝက်နို့အုံသားကို..အဲ့ဒီ တညင်းသီးနှစ်ခြမ်းထဲမှာထည့် …ပြုပ်ပြီး မထွက်သွားအောင် နှီးနဲ့တုတ်၊ ပြီးတော့ ဝက်သားကော တညင်းသီးပါ နူးအိနေအောင် ဆီပြန်ချက်စမ်းပါကွာ…အဲ့ဒါကဟင်းကို ပြောတာ..ဟင်းချိုကတော့ သခွားသီး ဟင်းချိုလေး ချက်ပါကွာ…ငါးပိရည်ကိုတော့ ခပ်စပ်စပ်ကလေးဖျော်ကွ…အဲ့ဒီငါးပိရည်ထဲမှာ..ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းလဲထောင်းပြီး ထည့်ကွာ..ငါးမီးဖုတ်ကလေး ထည့်လိုက်ရင် ပိုတောင် ကောင်းသေးတယ်၊ တို့စရာကတော့ များများမလုပ်ပါနဲ့ကွာ…ပဲတီချဉ်လောက်ဆို တော်ပါပြီ..ပြီးတော့ ငါမင်းကိုပြောရအုံးမယ်..ငါ့ဘဝက သူများကျွေးမှ စားရတဲ့ ဘဝကွ..ဖွယ်ဖွယ်ရာရာ မပြောတတ်ပါဘူး၊ ထမင်းစာပြီးရင် အချိုတည်းဖို့ ကတော့ ဘုံသီလို့ခေါ်တဲ့ ကုလားအချိုမုန့် အလုံးလေးတွေနဲ့ ရေနွေးကြမ်းကောင်းကောင်း လောက်ဆို လုံလောက်ပါပြီ..အဲဒါတွေ စားပြီးရင်တော့ ဆေးလိပ် ကလေးလဲ တိုက်အုံးမှကွ…သိပ်လည်း အစားအသောက်ပေါ်မှာ ဇီဇာမကြောင် ပါဘူးကွာ…ဒီလောက်ဆို တော်ပါပြီ…..ဟုဖြည်းညင်းစွာ ပြောလေ၏။
ကိုပီတာကြီး ခင်ဗျားကတော့ တကယ်ကိုပါပဲဗျာ..အားကို မနာတတ်ဘူး…စိတ်ထဲရှိတာ အကုန် ပြောတော့တာပဲ..ဟုကျွန်ပ်ကပြောလေရာ..ဟကောင်ရငါတို့ကရိုးတယ်ကွ..တွေးရင်လဲ အဖြောင့်ပဲတွေးတယ် ..ပြောစရာရှိလည်း အဖြောင့်ပဲပြောတယ်…ငါ့မှာ အားနာတာတွေ ဘာတွေမရှိပါဘူး.ကွာ၊ အားနာတယ်ဆိုတဲ့ အရည်အချင်း ငါ့မှာ ရှိကိုမရှိဘူးဟု ဘွင်းဘွင်းကြီး ပြောလေတော့၏။ ကျုပ်ဖြင့်ဗျာ..ကိုပီတာကြီး နေပုံ၊ထိုင်ပုံ၊ ပြောပုံ၊ ဆိုပုံ၊ ကိုအားကျလိုက်တာ၊ ဘယ်လောက်များ ရိုးသားသလဲ၊ ဘယ်လောက်များ ပွင့်လင်းပါသလဲ၊ တကယ်ပါဗျာ…တကယ်ကိုအားကျတာ၊ ဟုကျွန်ပ်က လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပြော ဆိုလေ၏။ ထိုအခါ၌ ကိုပီတာကြီးက…….
တစ်ခါကတောအုပ်ကြီး တစ်ခုအတွင်းကို…လူနှစ်ယောက် ဖြတ်သန်းခရီးနှင်ခဲ့ဖူးတယ်၊ တစ်ယောက်က အတွေး အခေါ်သမား၊ တစ်ယောက်က ဘာမှ မတွေးတတ်ရှာပါဘူး၊ သူကလုပ်စရာရှိတာကို ချက်ချင်းလုပ်မယ်ဆိုတဲ့ လူစား၊ ဘာမှကို မစဉ်းစားတတ်ဘူး၊တောနက်ထဲလည်း ရောက်ရော…လေကြီး မိုးကြီးကျပြီး..နှစ်ယောက်စလုံး လမ်းပျောက်သွားကြတယ်ကွဲ့၊ အဲ့ဒီလို လမ်းပျောက် သွားပေမယ့် လျှပ်စီးက ဖြန်းကနဲ….ဖြန်းကနဲ….လက်တာပေါ့ကွယ်..အဲဒီလို လျှပ်စီးလက်တဲ့ အခါမှာ အတွေးအခေါ်သမားက ကောင်းကင်ကို မော့ကြည့်ပြီး..လျှပ်စီး ဘာကြောင့် လက်တယ်…လျှက်စီးလက်တဲ့အခါမှာ..ဘယ်လောက် လင်းသွားတယ်….လျှက်စီးတစ်ကြိမ်လက်တာနဲ့…နောက်တစ်ကြိမ်လက်တာ…အချိန်ဘယ်လောက်ကြာတယ် ဆိုတာကို…တွက်ချက်ပြီး..စဉ်းစားတယ်ကွယ့်…..ရှေ့ဆက်ပြီး.. မလျှောက်ဖူး..လက်တွေ့ လုပ်တတ်တဲ့ သူကတော့ လျှပ်စီးလက်တဲ့ အခါတိုင်းမှာ လမ်းကိုရှာပြီး..လမ်းမြင်တာနဲ့ အတင်းပြေးသွား တော့တာပဲ…သူကတော့ လျှပ်စီးတစ်ခါ လက်တိုင်း လမ်းကိုတွေ့တယ်၊တွေ့တဲ့ လမ်းအတိုင်း…ပြေးသွားတယ်၊ အတွေးအခေါ်သမား ကတော့ ရပ်နေတယ်ကွဲ့။လျှပ်စီးလက်တဲ့ အခါမှာ လျှပ်စီးအကြောင်းကို တွေးခေါ်နေတယ်၊ အဲ့ဒီတော့ကွာ လျှပ်စီးလက်လို့ လမ်းကိုမြင်တာနဲ့ အဲ့ဒီလမ်းအတိုင်း ပြေးသွားတဲ့သူက တောအုပ်ကြီးထဲက ထွက်သွားနိုင်တာပေါ့ …လျှပ်စီးလက်တာကို သဘောကျပြီး..လျှပ်စီး လက်တဲ့ အလင်းရောင်ကို ကျေနပ်နေတဲ့ အတွေးအခေါ် သမားကတော့ တောကြီးမျက်မည်းထဲမှာ မထွက်နိုင်ရှာဘူး…..အဲဒီလိုပဲကွ…ဒီကမ္ဘာကြီးမှာ…
အားကျစရာကောင်းတဲ့ ဆရာ သခင်တွေက လျှပ်စီးပေါင်းများစွာ လက်ပြပြီးပါပြီကွာ…ဥပမာ - လောင်ဇူးတို့၊ ချောင်ဇူးတို့၊ ကွန်ဖြူးရှပ်စ်တို့ စတဲ့ ပုဂ္ဂိုလ်ကြီးတွေက ကမ္ဘာလောကကြီးကို အလင်းရောင်တွေ ပေးခဲ့ပါတယ်၊ ဒါပေမယ့် အချိန်ကာလဆိုတဲ့ အရာနဲ့ ကြည့်လိုက်မယ်ဆိုရင်.သိပ်ပြီးတိုတောင်းလွန်းပါတယ်၊ ကမ္ဘာလောကကြီးကို လျှပ်စီးလက်သလို အလင်းရောင် လှစ်ပြခဲ့တဲ့ ပုဂ္ဂိုလ်ထူးကြီးတွေပါပဲ…အဲ့ဒီ အလင်းရောင် ကိုမြင်တာနဲ့လမ်းတွေ့ပြီဆိုရင်..အလင်းရောင်မှာ ကျေနပ်နေဖို့ မဟုတ်ဘူး၊ သူတို့ပြတဲ့ အလင်းရောင်မှာ တွေ့ရတဲ့ လမ်းအတိုင်း ပြေးသွားရမှာ မဟုတ်လား…အခုတော့ မင်းက အဆိုးဆုံးပဲ..ငါလို အရူးပီတာကြီး လက်ပြတဲ့ မှုန်တိ မှုန်ဝါး အလင်းရောင်ကလေးကို အားကျနေပြန်ပြီ…ငါကတော့ ဘယ်လောက်ကြာကြာ လက်ပြနိုင်မှာတုံး၊ အချိန်ကာလဆိုတဲ့ ကြီးမားတဲ့ အရာနဲ့ နှိုင်းယှဉ်လိုက်ရင် မျက်စိတမှိတ်ပဲ ရှိပါတယ်ကွာ..အဲဒါကြောင့် ပီတာကြီးကို အားမကျပါနဲ့…ပီတာကြီး လက်ပြတဲ့ မဖြစ်စလောက် အလင်းရောင်ကလေးမှာ.. မင်အနေနဲ့ မြင်ရတဲ့ မှုန်တိမှုန်ဝါး လမ်းကလေးမှာ အမြန်ဆုံး ပြေးလျှောက်သွားပါ မောင်အောင်ထွန်း" ဟုဆိုကာ ကျွန်ပ်၏ ကျောကုန်းကို သူ၏ လက်သီးကြီးဖြင့် ဘုန်းကနဲထုကာ…တဟားဟား ရယ်မောရင်း သွက်လက် လွတ်လပ်သော ခြေလှမ်းများဖြင့် ခြံအတွင်းမှ ထွက်သွားလေတော့ သတည်း။
သဗ္ဗေသတ္တာ ကမ္မသကာ
မင်းသိင်္ခ
ဒီဆောင်းပါးလေးကို ဖတ်ရင်း လက်ကနဲရတဲ့ အလင်းရောင်လေး အောက်မှာ တွေ့တဲ့ လမ်းကလေးကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေလို ဆန္ဒပြုပါတယ်။….မိတ်ဆွေတို့ရင် ထဲမှာ တစ်ခုခုကျန်ခဲ့မယ်… ဗဟုသုတရသွားမယ် ဆိုရင်… အဘဆရာကြီး ရောက်ရာဘုံဘဝ ကနေ ပြံးပြုံကြီးကြည့်လို့… ကျေနပ်နေလိမ့်မယ်ဆိုတာ…..မြင်ယောင်နေမိပါတော့တယ်ဗျာ……
ကိုဇော်လင်း
၂၈.၄.၂၀၁၅
Like · Comment · Share · Tဆရာကြီးမင်းသိင်္ခ ရေးခဲ့တဲ့ မူရင်းအတိုင်း ပြန်လည် တင်ပြလိုက်ရပါတယ်။

No comments:
Post a Comment