Wednesday, April 8, 2015

ဆရာ စိုးမိုးထွန်း ရဲ့ အင်္ဂဝိဇ္ဇာပညာရပ်​များ


အင်္ဂ၀ိဇ္ဇာဟောခန်း
2 January at 00:54 ·
ယတြာ +++
ဗေဒင်ပညာမှာ ဟောဆိုမှုခံရရုံနဲ့ မပြီးသေးပါ။ ဟောကိန်းအရ ဖြစ်ပေါ်လာနိုင်တဲ့ အတိတ်ကံသက်ရောက်မှုတွေထဲက မိမိတို့ မလိုလား မနှစ်သက်သော သက်ရောက်မှုတွေကို လျှော့တန်သည်လျှော့၊ ပယ်တန်သည်ပယ်နိုင်အောင် မျက်မှောက်ကံ အပြုအမူ နဲ့ ကျင့်ကြံအားထုတ်မှုလေးတွေ အသုံးပြုပြီး ..ကြိုးစားယူရတဲ့အပိုင်းကျန်ပါသေးတယ်။ ဒီအပိုင်းကိုပဲ ယတြာ လို့ အမည်ပေး ခေါ်ဝေါ်လေ့ရှိကြပါတယ်။ ထို့နည်းတူစွာပဲ ...မိမိတို့ နှစ်လိုမြတ်နိုးသော အတိတ်ကံသက်ရောက်မှုတွေကို ဖြောင့်တန်းစွာ စီးဝင်လာစေဖို့ ၊ အဟောသိကံ မဖြစ်မူဘဲ မုချအကျိုးပေးလာစေဖို့ ကံပွင့် လာဘ်ပွင့် အောင် လည်းပဲ ၊ ဒီ ယတြာ အစီအမံတွေကိုဘဲ အသုံးချလေ့ရှိတတ်ကြ ။
ယတြာပညာရပ်ပိုင်းကို လူမျိုးနွယ်စု ၊ ရေမြေဒေသ ၊ ဓလေ့ထုံးစံနဲ့ ကိုးကွယ်ယုံကြည်မှုအပေါ်မူတည်ပြီး နည်းစနစ်အမျိုးမျိုး တီထွင်အသုံးပြုခဲ့ကြတယ်လို့ ယူဆရပါတယ်။ ဘယ်သို့ပင် အသုံးပြုစေကာမူ...သဘာဝ လျှို့ဝှက်ချက်တွေအပေါ်မူတည်ပြီး ဥာဏ်စေစား ကြံဆခဲ့ကြတာတွေချည်းပါပဲ။
( ယတြာတွေသည် အတိတ်ကံကို ပြောင်းလဲ နိုင်ပါသလား )
ရှေးယခင်က ...ကျွန်တော်ကိုယ်တိုင် ယတြာတွေကို ထော်လော်ကန့်လန့်တိုက်ပြီး ဟာသလုပ်ခဲ့သူတစ်ယောက်ပါ။ ဒီပညာရပ်ပိုင်းလောကမှာက ...အစစ်အမှန်တွေ တစ်ကယ်ရှိသလို...၊ အုတ်ရောရောကျောက်ရောရောနဲ့ ဖိန့်လုံး ရွှီးလုံး ယတြာသမားတွေလည်း အများသားပါ။ ဒီတော့ အယူအဆ တော်လှန်ရေး လုပ်ဖို့ ဓါးသွေးနေတတ်တဲ့ စိုးခိုင်တို့ ယတြာဆိုတာတွေကို ... ပိုးစိုးပက်စက်ကိုပဲ ဝေဖန်ခဲ့မိသေးတာပါ။ နောက်ပိုင်းမှာတော့ အသက်အရွယ် ၊ အတွေ့အကြုံတွေက ...ပျောင်းညွတ်ညင်သာစွာ တွေးခေါ်ပုံတွေကို ပြောင်းလဲ လာစေခဲ့ပါတယ်။
ဥပမာ လေးအချို့ တင်ပြပေးပါရစေ ...။
အခါတစ်ပါးမှာ ...ရဟန်းသားအဖ ရှိကြပါတယ်။ ဖခင်ရဟန်းဖြစ်သူ ပြန်လွန်တော်မူခါနီးမှာ ...အသံစူးစူးဝါးဝါးးအော်ဟစ်ခြင်း၊ ခွေးနက်များ မြင်ခြင်း စသဖြင့် ဒုဂတိ နိမိတ်တွေ ထင်ဟတ်လာတဲ့အတွက် ...သားရဟန်းဖြစ်သူက ဖခင်ရဟန်းကြီး ငရဲကျတော့မယ့် လက္ခဏာဖြစ်ကြောင်း ဆင်ခြင်မိ တာမို့ ......၊ ဒီဒုဂတိနိမိတ်တွေကို ပယ်ပျောက်အောင် လုပ်နိုင်ပါမှ ဖခင်ရဟန်းကြီး ချမ်းသာရာ ရစေတော့မယ် ဆိုတာ ဥာဏ်ဖြင့် သိမြင်ခဲ့ပါတယ်။
ဒါကြောင့် ဖခင်ရဟန်းကြီး မိန်းမော နေသည့် နေရာကို သန့်ရှင်း၊ အမွှေးနံ့သာဖြန်း၊ ဘုရားမှာ ဆီမီးပူဇော်၊ တရားစာတို့ကို ညင်သာစွာ ရွတ်ဖတ်ပူဇော်ခြင်း စသည်ဖြင့် သားရဟန်းက ပြုပေးလိုက်ပါတယ်။
များမကြာမီမှာပဲ ၀န်းကျင်ရဲ့ သုဘာသုဘ ကောင်းသောလှုံ့ဆော်မှုတို့ကြောင့် ဖခင်ရဟန်းဖြစ်သူမှာ ဒုဂတိနိမိတ်တွေ တစ်စ တစ်စ လျော့နဲကျသွားပြီး ...၊ နောက်တော့ ++++
ဟဲ...ငါသား မောင်ရဟန်းရဲ့ ဘေးဖယ်စမ်း ဟိုမှာ မင့်မိထွေးတော်လေးတွေ လာနေတယ် (ခုခေတ်စကားနဲ့ဆိုရင်တော့ ...မင့် မေမေလေးတွေ လာနေတယ် ...ဘေးကိုဖယ်စမ်းပါ ငါ့သားရာ +++) ပေါ့လေ ။
အဲသလိုအသံလည်းကြားရော သားရဟန်းလည်း ဖခင်ရဟန်းကြီး ဒုဂတိ နိမိတ် (ငရဲကျမည့် နိမိတ်ဆိုး မှ ကင်းလွတ်ပြီး) သုဂတိနိမိတ် ( ရှိနေသော ကုသိုလ်ကံလေးပေါ်လာတာကြောင့် ...နတ်သမီးလေးတွေက လာကြိုကြ၊ ဟိုနတ်ပြည်က လာပါ၊ သည်နတ်ပြည်က လာပါနဲ့ ဆွဲခေါ်ကြ စသည်ဖြင့် ...နတ်ပြည်နတ်ရွာကို လားရခံနီး နိမိတ်) ကလေး ပေါ်လာတာကို ရိပ်မိသွားတယ်လို့ ဆိုပါတယ်။
ဇာတ်တော်တွေ ဘွဲ့တွေ သေချာမမှတ်တော့တာကိုတော့ခွင့်လွှတ်ပါ။ ပြောချင်တာက ++++ ယတြာ ဟူသော ..ချေဖျက်ခြင်း၊ ပြုပြင်ခြင်း သဘောတရားသည် နည်းစနစ်ကျန မှန်ကန်ခဲ့ရင် ...အကျိုးဖြစ်စေနိုင်ကြောင်း ပြောချင်တာပါ။
ဒါကြောင့် ယတြာဟူသည့် ကဏ္ဍအစိတ်အပိုင်းသည် ...အတိတ်ကံများကို ပြုပြင်ပြောင်းလဲယူရာမှာ ...အတိုင်းအတာတစ်ရပ်အထိ နည်းစနစ်မှန်ကန်မှုအပေါ် မူတည်ပြီး သက်ရောက်စေနိုင်ပါတယ်။
( ယတြာအကျော် ...ပွဲအမော်)
တစ်ချို့တွေလည်း ယတြာလေး ဟိုစမ်းစမ်း သည်စမ်းစမ်း လုပ်ရင်း ၊ ကြံရင်း အတွေ့အကြုံလေးတွေကလည်း များလာတော့ ....ဆရာ့ဆရာကြီး စတိုင်ဖမ်းလို့ ....အရာခပ်သိမ်းကို စေတလုံးပိုင်ရှင်လို သွေးနထင်ရောက် ၊ သွားပေါက်ကာစ ကလေးများ မာန်ပေါက်သလို....လက်ညိုးမြင်တိုင်း ဖမ်းကိုက်တော့တာပါပဲ။
အဲဒီ့ပုဂ္ဂိုလ်တွေတော့ နဲနဲသတိပေးပါရစေ ။
တစ်ခါက ဂင်္ဂါမြစ်ဝှမ်း တစ်နေရာမှာ ဆာလောင်ငတ်မွတ်လှလွန်းလို့ တစ်ကျီကျီ ငြီးတွားအော်ဟစ်နေရတဲ့ အပါယ်လေးဘုံသား ပြိတ္တာကြီး တစ်ကောင်ရှိပါတယ်။ ဒီပြိတ္တာကြီးဟာ အလွန်ကြီးမားတဲ့ အသားပုံကြီးလို ခန္ဓာကိုယ်ကြီးနဲ့ တည်နေပေမယ့် ပါးစပ်ပေါက်က အပ်ပေါက်ကလေးမျှသာ ရှိရှာပါတယ်။ ဆာလောင်ငတ်မွတ်လှလွန်းတဲ့အတွက် ဂင်္ဂါမြစ်က ရေကလေးကို ကုန်းသောက်ရှာပေမယ့် အတိတ်က ကံကြောင့် ၊ သူသောက်မယ် ကြိုးစားတိုင်း ..ကြည်လင်နေတဲ့ ရေပြင်ဟာ သွေးပုပ် ပြည်ပုပ်တွေအဖြစ် ပြောင်းသွားကြစမြဲ ။
ဒီအချင်းအရာကို ဆွမ်းခံကြွပြီး ပြန်လာတဲ့ ရဟန်းသံဃာများ မြင်တွေ့ရပြီး သနားကြင်နာလှတာကြောင့် ပြိတ္တာကြီး ပါးစပ်ပေါက်လေးထဲကို ...သပိတ်ထဲက ဆွမ်းတွေ ၊ ဂင်္ဂါမြစ်ထဲက ရေတွေ လောင်းထည့် ကျွေးမွေး ကြပါတယ်။ ဒါပေမယ့် ပြိတ္တာကြီးမှာ အတိတ်အကုသိုလ်ကံ မကုန်သေးတာကြောင့် ...ဆွမ်းသပိတ်တစ်လုံးစာ လောင်းပါမှ ဆန်စေ့လေးတစ်စေ့စာလောက်ကိုသာ မချိမဆန့် နာနာကျင်ကျင် မျိုချနိုင်ရှာပါတယ်။ ဂင်္ဂါရေ သပိတ်တစ်လုံးစာ လောင်းပေးရှာပါမှ ..ရေစက်ကလေးတစ်စက်မျှသာ ၀မ်းထဲကို စီးကျနိုင်ရှာပါတယ်။
ကဲ ...သီလနဲ့ပြည့်စုံတဲ့ သူတော်စဉ်ရဟန်းများသော်မှ....အတိတ်အကုသိုလ်ကံ ကြီးမားနေရင် ထိုပုဂ္ဂိုလ်မျိုးကို ..ဘယ့်နှယ်မှ ပယ်မရ ၊ ဘယ်သို့မှ ချက်ချင်းကယ်မရနိုင်ဘူးဗျနော်။
ငါသိငါတော်ငါအကျော် လုပ်နေသူများ +++ နည်းစနစ်ကောင်းနဲ့ မာန်ဇောင်းထ နေသူများ ဆန်းစစ်ဖို့က ...ငါ့အကျင့်သီလ ဘယ်မျှ တောင့်တင်းခိုင်မာနေ ပြီလဲ ဆိုတာပါပဲ။ အရာခပ်သိမ်းကို ဥုံဖွ လုပ်ပြီး ..ပယ်နိုင် ကယ်နိုင်မယ်လို့ မှတ်ယူနေရင်တော့ ....ဆရာ မဟုတ်ပဲ ဆညာ ဘ၀ ရောက်ရပါလိမ့်မယ်။
အနှစ်ချုပ်ကြပါစို့ ရဲ့ ။
ယတြာ မယုံဘူး ဆိုရင် ဥာဏ်နဲရာရောက်ပါမယ်။
အရာရာ ယတြာ နဲ့ စွမ်းပြမယ် ဆိုရင်တော့ +++ သဘာဝ ငမိုက်သား ပဲ ဖြစ်ပါလိမ့်မယ်ဗျား။
လေးစားစွာဖြင့်
စိုးခိုင်

No comments:

Post a Comment