Wednesday, May 20, 2015

ကြာသာပတေးနေ့ဖွားတို့ Ko Soekhaing

ကြာသာပတေးနေ့ဖွားတို့ ကံဇာတာ (၁၃၇၇)
=============================
သည်တစ်နှစ် ထူးခြားတာကတော့ ကြာသာပတေးနေ့ဖွားများစွာ ဆီက သည်တစ်နှစ်အတွက် ဟောကိန်းဆောင်းပါးကို အစဉ်အတိုင်းမဟုတ်ပဲ ကျော်ပြီးမြန်မြန်ရိုက်ပေးကြဖို့ တောင်းဆိုလာနေကြခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အများစုဆန္ဒအတိုင်း သည်ဆောင်းပါးလေးကို တနင်္လာနေ့ဖွားအတွက် မရေးရသေးမီမှာပဲ … ရေးသားတင်ပြပေးလိုက်ရပါတယ်။
ကြာသာပတေးနေ့ဖွားများ အတွက် ၁၃၇၇ခုနှစ်ခုနှစ် ကံဇာတာ
=========================================
သည်တစ်နှစ်မှာတော့ ကြာသာပတေးနေ့ဖွားများ အဖို့ ပြုပြင်ပြောင်းလဲရေး ကာလကို ရောက်ရှိလာပါပြီ။ အခြေခံအကျဆုံးအဖြစ် ..မိမိရဲ့ တွေးပုံမြင်ပုံ …ကအစ၊ လူပုံစံ ၊ ဆံပင်ပုံစံ၊ နေပုံထိုင်ပုံ စသည်ဖြင့် အလျဉ်းသင့်ရာတို့ကို ပြုပြင်ပြောင်းလဲရမယ့် အခြေအနေတွေ ဆိုက်ရောက်လာတတ်ချိန်ပါ။
ပြုပြင်ပြောင်းလဲမှုသဘောတရားဟာ အင်မတန်အရေးကြီးပါတယ်။ သဘာဝတရားနဲ့ လိုက်လျောညီထွေ ပြောင်းလဲပြုပြင်နိုင်ခြင်းဟာ …သက်တမ်းကို ရှည်စေနိုင်သလို…ကျရှုံးမှုတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့ အဓိကအချက်တစ်ရပ်လို့ ဆိုရပါမယ်။ ဒိုင်နိုဆောလို အင်မတန်အင်အားကြီးမားသည့် သတ္တ၀ါမျိုးတွေသော်မှ…သဘာဝတရားနဲ့လျော်ညီစွာ ပြုပြင်ပြောင်းလဲနိုင်မှု မရှိတာကြောင့် ..ဒီကနေ့ခေတ်မှာ မမြင်ရတော့ပါဘူး။ မျိုးတုံးပျောက်ကွယ်ခဲ့ပါပြီ။
ကျွန်တော်တို့လူသားတွေမှာလည်းပဲ … အချိန်အခါအလိုက်..ထိုက်သင့်စွာ ပြုပြင်ပြောင်းလဲပေးနိုင်ဖို့ အမှန်တစ်ကယ်လိုအပ်လှပါတယ်။ ဒီနေရာလေးမှာ ဒီလိုလေး လုပ်နေကြဖြစ်ပေမယ့် အဆင်မပြေတော့ဘူးဆိုတဲ့အခါမှာတော့ …နောက်ထပ် ဘယ်လိုပြုပြင်ပြောင်းလဲ ပေးရတော့မလဲ ဆိုတာကို မုချ တွေးတောပြီး ပြောင်းလဲနိုင်အောင် ကြိုးစားရပါတော့မှာပါ။ ဒါကိုမသိကျိုးကျွံပြုပြီး ဇွတ်အတင်း အပြောင်းအလဲတွေကို ငြင်းဆန်ဖို့ ကြိုးစားကြည့်တဲ့အခါ …အကျိုးပျက်ဆီးခြင်းသာ ကြုံရပါတော့တယ်။
ဒါကြောင့် …ကြာသာပတေးနေ့ဖွားတွေအဖို့ …
သည်တစ်နှစ်အတွင်းဖြတ်သန်းနေစဉ်မှာ…
(က) ကျရောက်လာသော ပြောင်းလဲရန် အခြေအနေများကို သတိဖြင့် စောင့်ကြည့်ပါ။
(ခ) ဥာဏ်ကိုသုံးပါ။ မိမိအခြေအနေကို လှေနံဓါးထစ်ထားပြီး မဆုံးဖြတ်ပါနဲ့။ အရာအားလုံးသည် သည်တစ်နှစ်အတွင်းမှာ ဘာမဆို ပြောင်းလဲသွားနိုင်တယ်ဆိုတာ …သတိကပ်ပါ။
(ဂ) သင့်ရဲ့ ရပ်တည်မှုကို …သင်ပြန် ဆန်းစစ်ပါ။ သင့်တွေးခေါ်မှု လမ်းကြောင်းတွေကိုလည်း ..ပုံစံပြောင်း တွေးခေါ်ကြည့်ပါလေဦး။ သင်က အဖြူရောင် ဖြစ်နေပါစေဦး …သည်တစ်နှစ်မှာတော့ အမဲရောင်ဆိုတာရဲ့ အကြောင်းကိုလည်း သင်သိနားလည်နိုင်ဖို့ ကြိုးစားရပါတော့မယ်။
ဆန့်ကျင်ဘက်အခြေအနေတွေကို တွေးတောပုံဖော်နားလည်ထားပြီး….ဖြစ်ပေါ်လာတဲ့အခြေအနေအရပ်ရပ်ပေါ်မှာ …လိုက်လျောညီထွေ ပြောင်းလဲရပ်တည်နိုင်အောင် အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်နေဖို့ အင်မတန်အရေးကြီးလှတဲ့နှစ်ပါပဲ။
ဒီအချက်ကို နားမလည်နိုင်သူများအဖို့ကတော့ တစ်နှစ်လုံးလိုလို မိမိကိုယ်မိမိ စိတ်တိုင်းမကျ ဖြစ်ရခြင်း၊ ကိုယ့်ကိုယ်ကို ပင် ဒေါသထွက်နေမိတတ်ခြင်းများ ကြုံနေကြရပါလိမ့်မယ်။
ကောင်းပြီ။ ….ကျန်တဲ့အချက်တွေကိုတော့ …အခန်းကဏ္ဍ နဲနဲဆီ ခွဲပြီး တင်ပြသွားပါမယ်။
(၁) စီးပွားရေး
========
ဒီတစ်နှစ် မိမိတို့ ရှာဖွေနေသမျှ အကျိုးစီးပွား ကဏ္ဍတွေမှာ စိတ်နှစ်ခွ ဖြစ်စရာတွေ၊ မပြတ်မသား ချီတုံချတုံ ဖြစ်စရာတွေ၊ လမ်းနှစ်သွယ် ရွေးခြယ်ရခက်စရာတွေ၊ ဒွိဟ ဖြစ်စရာတွေ အရမ်းများပြားတတ်ပါတယ်။ ရမလို မရမလို …ကိစ္စတွေလည်း အများအပြားကြုံပါမယ်။ ဘာပဲဖြစ်ဖြစ် သည်တစ်နှစ်သည် စီးပွားရေးမှာ အနဲငယ် အားပျော့သွားစေတတ်သော နှစ်မျိုးလို့ ဆိုနိုင်ပါတယ်။ ခါတိုင်းလို ထက်ထက်သန်သန် မရှိလှပဲ … (အရောင်းအ၀ယ်စကားနဲ့ပြောရရင်တော့..) အရောင်းအ၀ယ် အေးသွားတတ်တဲ့ကာလပါ။ ကုန်သိုလှောင်မှု လုပ်ငန်းလုပ်ကိုင်သူတွေမှာတော့ ….အကျိုးအတန်အသင့်ရနိုင်ချိန် ဖြစ်ပြီး…၊ ဟော်တယ်နဲ့ခရီးသွားလာရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်သူများအဖို့ …စီးပွားရေး မဆိုးလှတဲ့ကာလလို့ သတ်မှတ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် …မိမိတို့ စီးပွားရေးနဲ့ အသက်မွေးမှုအ၀၀ အတွက် ယတြာပြုလိုသူများအနေနဲ့တော့ ….အနဲဆုံး တစ်ပတ်တစ်ခါ မျှ ဆိုသလို….၊ ကြာသာပတေးနေ့တိုင်းမှာ …ဘုရားစေတီပုထိုးများရှိ တနင်္လာထောင့်တွင် သောကြာနံ အရွက်အညွန့် တို့ကို (၂၁ညွန့်) ကပ်လှုပူဇော်ပြီး…ရေသပ္ပါယ်ခြင်းအားဖြင့် …စီးပွားရေးကောင်းမွန်စေဖို့ ဆုမွန်ကောင်း တောင်းယူနိုင်ကြပါမယ်။ သိသာတိုးတက်နိုင်ပါတယ်။ ပုံမှန် တစ်ပတ်တစ်ခါ နှစ်လ သုံးလခန့် လုပ်ကြည့်ပြီး…မှတ်တမ်းတင်ထားကြည့်သင့်ပါတယ်။
(၂) လူမှုရေး
=======
အနဲငယ် အရှုပ်အထွေးရှိတတ်တဲ့ကာလဖြစ်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့တွေမှာ ပိုမိုပြီး အခြေအတင်ကိစ္စလေးတွေ ရှိလာတတ်ပါတယ်။ သူတစ်ပါးကိစ္စတွေကို အလွယ်တစ်ကူ ၀င်ရောက်အာမခံမိခြင်းမျိုးတွေ ဟာ …ပြဿနာရဲ့ မူလဇစ်မြစ်တွေ ဖြစ်နေတတ်တာမို့ သတိပြုရပါမယ်။ အထက်တန်းလွှာအသိုင်းအ၀ိုင်း နဲ့ ပိုမိုနီးစပ်လွယ်သော ကာလဖြစ်ပြီး..၊ လူမှုရေးရာ ကျယ်ပြန့်မှုတော့ ရှိလာနိုင်တဲ့ကာလဖြစ်ပါတယ်။
(၃) အချစ်ရေး
========
ကံကောင်းစေနိုင်သော နှစ် မုချဖြစ်ပါတယ်။ အများစုသော ကြာသာပတေးနေ့ဖွားတွေအဖို့ …အချစ်ရေးဆန္ဒတွေ ပြည့်ဝပြီး ….သုခဖြစ်စရာကြုံရတတ်သော နှစ်မျိုးပါပဲ။ ချွင်းချက်အနေနဲ့ကတော့ နာမည်အဖျားစာလုံး ( နာမည်တစ်ခုရဲ့ အဆုံးစာလုံးကို) စနေနံ (တ၊ထ၊ဓ၊ဒ၊န) နဲ့ မှည့်ခေါ်ခဲ့ရင်သာ (ဥပမာအားဖြင့် မျိုးထွန်း၊ မြင့်မြင့်နွယ်၊ မိုးမခနိုင်၊ စသည်) …မေတ္တာရေး မှာ ထင်သလိုကံမကောင်းပဲ ….ခုတ်ရာတစ်ခြား ၊ ရှရာတစ်လွဲ ဖြစ်ရပြီး နောင်တရစရာအချို့ကြုံရတတ်ပါတယ်။
နာမည်အဖျားစာလုံး ကို အင်္ဂါနံ ( စ၊ဆ၊ဇ၊ဈ၊ည) နဲ့ မှည့်ခေါ်ထားသူများ အတွက်ကတော့(ဥပမာအားဖြင့် … မြင့်မြင့်စိုး၊ နွယ်နီဇော်၊ မင်းကိုကိုဇင်၊ သင်းသင်းဆွေ..စသည်ဖြင့် မှည့်ခေါ်ထားသူများ အတွက်ကတော့) …အခြားသော ကြာသာပတေးနေ့ဖွားများစွာထက် အချစ်ရေးမှာသာ မက…ကဏ္ဍတော်တော်များများမှာ …Happy Lucky Year သဖွယ် ဖြစ်နေမယ့် ကာလပါပဲ။
ထူးဆန်းတာကလည်း ဒီတစ်နှစ် အချစ်ရေးမှာ ကံကောင်းစေလိုသူများ အဖို့ ….သေနတ်ပုံ သော့ချိတ် သို့မဟုတ် ဓါးပုံ သော့ချိတ် ကလေးဖြစ်စေ..(ဟုတ်ကဲ့ ..လက်ပစ်ဗုန်းလဲ ရပါတယ်။) ဆောင်ထားခြင်းဖြင့် ကံကောင်းစေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဘုရားမှာဆုတောင်းချင်ရင်တော့…တနင်္ဂနွေထောင့်မှာ …အင်္ဂါနံ အညွန့်အခက် တို့ကိုလှုဒါန်းပူဇော်ပြီး …ရေသပ္ပါယ်ပါ။ မေတ္တာသုတ်တော်ကို ဖြေးဖြေးမှန်မှန်နဲ့ အာရုံညွတ်ပြီး …၈ခေါက်တိတိရွတ်ဖတ်ပူဇော်ပါ။ ပြီးလျှင် အမျှသေချာပေးဝေ ခဲ့ပါ။
(၄) အိမ်ထောင်ရေး
=============
အများအားဖြင့် ..အိမ်ထောင်ရေး သာယာတတ်ချိန်ပါ။ အိမ်ဖော် အခိုင်းအစေ သို့မဟုတ် စနေနေ့ဖွားတစ်ဦးဦး မိမိနေအိမ်သို့ ရောက်ရှိလာရင်တော့ အိမ်တွင်းရေး အနဲငယ်အနှောက်အယှက် တွဲပါလာတတ်ပါတယ်။ တစ်ကယ်လို့ အလုပ်သမားတစ်ဦးဦးကို မိမိနေအိမ် အတွင်း လက်ခံတာမျိုးလုပ်တော့မယ်ဆိုရင်လည်း ..ဒီတစ်နှစ်အတွက်တော့ ဖြစ်နိုင်သမျှ ဆင်ခြင်ပါ။ လက်ခံတိုင်း ပြဿနာ ဖြစ်မှာ မဟုတ်သော်လည်းဘဲ..၊ လက်ခံမိလို့ ပြဿနာအပေါ်တတ်ဆုံး နှစ်မျိုးကို ပြပါဆိုရင်တော့ သည်လိုနှစ်မျိုးသာ မုချ ဖြစ်ပါတယ်။
ဒီတစ်နှစ်မှာ …နာမည်အဖျားစာလုံး အင်္ဂါသမား များ …ကံကောင်းခြင်း ၊ မေတ္တာရေး အဆင်ပြေနိုင်ခြင်းများ ရှိသော်လည်းပဲ…ခုမှစတင်ပြီး အိမ်ယာထူထောင် အိမ်ထောင်ပြုလိုသူများ၊ မင်္ဂလာအခမ်းအနား စတင်ကျင်းပလိုသူများ အတွက်တော့ အထူးသတိပေးလိုပါတယ်။ အဆိုပါနာမည်အဖျားစာလုံး အင်္ဂါသမား ကြာသာပတေးနေ့ဖွားများအနေနဲ့ …မင်္ဂလာအမှုများ ပြုရာမှာ သီရိဂြိုဟ်ထွင်းဖောက်ခြင်း ခံထားရချိန်ဖြစ်လို့…မင်္ဂလာအခမ်းအနားတိုင်းမှာ …အနှောက်အယှက် အဖျက်မကင်းချိန်လို့ သတိပြုကြပါ။
သတို့သမီးပျောက်သွားလို့…သတို့သားမရောက်လာလို့…စသည်ဖြင့် အများဆုံး ကြုံရတတ်သော ကံမျိုး ကို အထပ်ထပ် သုတေသနပြုတွေ့ရှိရတာကြောင့် ….ဒီတစ်နှစ်တော့ ဖြစ်နိုင်သမျှ သီးခံစောင့်ဆိုင်းကြပါလေဦး။
ကဲ…မအောင့်နိုင်ဘူးဆရာရယ် ဆိုသူများကတော့ …..ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့မယ်ဆိုရင် …ဘုန်းတော်ကြီးကျောင်းမှာ အရင်ဆုံး …မင်္ဂလာဆွမ်းကျွေးပါ။ တနင်္ဂနွေနေ့ တစ်နေ့နေ့မှာ …ဘိုးဘွားရိပ်သာမှာ ဆေးဝါးလှုဒါန်းမှု အရင်ဆုံးပြုပါ။ ပြီးမှသာ….ဆီဒိုးနားပဲ တက်တက် ၊ စင်္ကာပူ ထိပဲ တက်ပြီး မင်္ဂလာဆောင်ဆောင် ….ကြိုက်တာသာ လုပ်ကြပေတော့ဗျာတို့..။
နေဦး….ဘိုးဘွားရိပ်သာမှာ ဆေးဝါးလှုဒါန်းမှုပြုသည့်အခါမှာ………
မိမိတို့၏ အိမ်ထောင်ဦးတွင် ….
သက်တမ်းရှည်စွာနေထိုင်နေရသော အဆိုပါ ပုဂ္ဂိုလ်များ …(၀ါ) သက်ကြီးရွယ်အိုများ အား…
သက်တမ်းရှည်စေသော…အသက်ဇီဝ ဆိုင်ရာ ဤဆေးဝါးတို့ကို ကုသိုလ်ပြု ရသည့်အကျိုးအားကြောင့်…
မိမိတို့ …၏ အိမ်ထောင်ရေး သည် လည်း သာယာချမ်းမြေ့ ကြံ့ခိုင်စွာဖြင့် သက်တမ်းရှည်နိုင်ပါစေသတည်း ။
အဲဒီ့လို ဆန္ဒပြုပြီး လှုဗျ ။
မောပါ့….ရှင်းရချက်..။
(၅) ကျန်းမာရေး
=========
မကြာခဏ လေဆန်တတ်ပါတယ်။ လေကြောင့် ခန္ဓာအိမ်ကို ဥပါဒ်ပေးတတ်သောကာလပါ။ မသန့်ရှင်းသော လက်တည်ချဉ်များနဲ့ … လမ်းဘေးအစားအစာအချို့ကြောင့်သော်လည်းကောင်း …၊ အပုပ်စာ အချဉ်တည်ထားသော အစားအစာများကြောင့်သော်လည်းကောင်း …ကျန်းမာရေး အနဲငယ်ထိခိုက်တတ်ချိန်ပါ။
ကျန်းမာရေး တစ်ခုခု အားနဲလာပြီဆိုတာနဲ့ ..ဆေးခန်းကို တစ်ကြိမ်သွားလို့ မပြီးတတ်သော ကာလဖြစ်ပါတယ်။ မပြီးနိုင်မစီးနိုင်….တစ်ကျော့ပြီးတစ်ကျော့သွားရောက်ကုသနေရတတ်သော ကံအင်အား သက်ရောက်နေချိန်မို့..အားနဲချက် မရှိအောင် တင်ကြိုဂရုစိုက် ထားခြင်းဖြင့် …..ကာကွယ်ကြပါ။
(၆) ပညာရေး
=========
ပညာရေး အပြောင်းအလဲများ ကြုံရတတ်ချိန်ပါ။ သို့သော် ..မိမိတို့ ရည်ရွယ်ထားသော ကျောင်းများ၊ သင်တန်းများ တက်ရောက်သင်ကြားခွင့် ကို မျှော်မှန်းနိုင်ကြချိန်ပါ။ ယျေဘုယျအားဖြင့် ပညာရေး မှာ သင့်အဆင့် အဖြစ် သတ်မှတ်နိုင်ပါတယ်။
အထွေထွေ
========
ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် …ဒီတစ်နှစ်မှာ ကြာသာပတေးနေ့ဖွားများစွာအတွက် အပြောင်းအလဲများ ကျရောက်လာတတ်ချိန်ဖြစ်ပြီး ..အထူးသဖြင့် နေရာဌာန အပြောင်းအလဲသည်လည်း ဒီကံထဲမှာ ရောထွေးပါဝင်လာပါတယ်။ အနေအထားပြောင်းလဲခြင်း၊ ၀န်ထမ်းများ ရာထူး သို့မဟုတ်တာဝန်ယူလုပ်ကိုင်ရသည့် ဌာနပြောင်းလဲခြင်းများ …အများအပြားကြုံရတတ်ချိန်ဖြစ်ပါတယ်။
ဒီတစ်နှစ်ထဲမှာ ကြာသာပတေးနေ့ဖွားတွေအဖို့…သူတစ်ပါးအတွက် အာမခံပေးမိခြင်း၊ သူတစ်ပါးကိစ္စ ၀င်ရောက်ဆောင်ရွက်ပေးမိခြင်းမျိုးကနေ တစ်ဆင့်… ဆွေမျိုးစုရဲ့ အပြစ်တင်မှု ၊ ရန်လိုမှုကို ခံရတတ်ပါတယ်။ အတိတ်ကာလတုန်းက …မိမိတို့ပြုခဲ့ဖူးသော ကောင်းမှုကံစေတနာတို့ ၏ အကျိုးဆက်အားဖြင့် …ကောင်းကျိုးအချို့ကိုတော့ ရရှိတတ်ချိန်ကာလဖြစ်ပါတယ်။ အထူးသဖြင့် ..ဒီကံသည် ရပ်ဝေးမြေခြားနဲ့ ဆက်နွယ်ပြီး ပေါ်ပေါက်လာတတ်ပါတယ်။
အကောင်းဆုံးအားသာချက်ကတော့ …အင်္ဂါဂြိုဟ်(ဆပွတ်ဂြိုဟ်) ဖြစ်ပါတယ်။ ဒီအချက်လေးကြောင့်ကိုပဲ ကြာသာပတေးနေ့ဖွားများအဖို့….သည်တစ်နှစ်မှာ…ချစ်၍ခင်၍ ကူညီမစမှုများ ခံစားရတတ်ခြင်း ကံကို လက်ခံရရှိကြပါလိမ့်မယ်။ အနာဂတ်ရည်မှန်းချက်တွေကို သူတို့တွေရဲ့အကူအညီနဲ့ပဲ ပိုမိုအကောင်အထည်ဖော်ခွင့်ရရှိပြီး တိုးတက်မြင့်မားခွင့် ရရှိနိုင်ချိန် ဖြစ်ပါတယ်။
မတော်တစ်ဆများ သည်ကံလေးနဲ့ အလှမ်းဝေးနေကြမယ့် ကြာသာပတေးနေ့ဖွားများ အဖို့ကတော့ …….
အင်္ဂါထောင့်မှာ မေတ္တာသုတ်တော်ကို မကြာမကြာ သွားရောက်ရွတ်ဖတ်ပြီး….ဘိုးဘွားရိပ်သာ သို့မဟုတ် သက်ကြီးရွယ်အိုများကို ဆေးဝါးလှုဒါန်းခြင်းမျိုး ကို မဖြစ်မနေလုပ်ကြည့်ကြပါစို့။
သည်တစ်နှစ်အတွက် အရေးအကြီးဆုံး အချက်က ……….
ကိုယ်နှင့်မသက်ဆိုင်ဘဲ…ဘာမှ …၀င်မပါပါနဲ့။
ကိုယ်မပိုင်ဘဲနဲ့ အာမ မခံပါနဲ့။
အပြောင်းအလဲတိုင်းကို လက်ခံပြောင်းလဲနိုင်အောင် ကြိုးစားကြဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်းဖြင့် ………………………………………………………
ကြာသာပတေးသားသမီးအပေါင်း သူတော်ကောင်းတို့သည် …စိတ်၏ချမ်းသာခြင်း..ကိုယ်၏ချမ်းသာခြင်းဖြင့် ပြည့်ဝချမ်းသာ နိုင်ကြပါစေကုန်သတည်း..။
စာဖတ်သူအားလုံးကို လေးစားမြတ်နိုးစွာဖြင့်
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးခိုင်
www.mahabote.org
phone 09 31817287

No comments:

Post a Comment