Sunday, May 3, 2015

မန်ကျည်းသီးစိမ်း ငါးပိချက်

မန်ကျည်းသီးစိမ်း ငါးပိချက်
တစ်နေ့တွင် ကျွန်ပ်နေထိုင်ရာ မှော်ဘီမြို့ အစွန်၊ မရမ်းတလင်းတောစပ်ရှိ၊ ကျွန်ပ်၏ ခြံအတွင်းသို့ ကျွန်ပ်ငယ်စဉ်ကပင် ရင်းနှီးခဲ့သော ကောင်းစွာစိတ်မနှံသည့် ကိုပီတာဆိုသည့် လူကြီးတစ်ဦး အလည်အပတ် ရောက်ရှိလာလေတော့၏။ ကိုပီတာကြီးသည် ကျွန်ပ်ကို မြင်လျှင် မြင်ချင်း… ဟဲလို…..ဖိုးအောင်ထွန်း….ဂွတ်ဒ်မောနင်း…ဂွတ်ဒ်နိုက်…ဟုသူ၏ ထုံးစံအတိုင်း ကို့ယို့ကားယား နှုတ်ဆက်လေ၏။
ကဲပါကိုပီတာကြီးရယ်…ခင်းဗျားကို ဒီနေ့ မနက်စာ ထမင်းကျွေးမယ်…ဘာဟင်းနဲ့စား မလဲပြောပေတော့ ဈေးသွားရအုံးးမယ်။ ဟုကျွန်ပ်ကပြောလိုက်ရာ..`၎င်းက..ငါးခူကို ရေချိုချက်ကွာ..အရည်လဲသောက်ရ အောင်..ဆမ်းစားလို့လဲရအောင် လုပ်ပါကွာ..၊ပြီးတော့မျှစ်ကို ငရုပ်သီး အစိမ်းထောင်းနဲ့ နယ်ပြီးကြော်ကွာ..၊ မန်ကျည်းသီးစီမ်းကို ငါးပိချက်ကလေးလည်း ချက်ပါကွာ၊ ဟုပြောလေ၏။ ထို့ကြောင့် ကျွန်ပ်လည်း ခြံအတွင်း၌နေသော ဂျလေဘီ မောင်စုအား ခေါ်၍ မှော်ဘီဈေးသို့ လွှတ်ရလေ၏။ ၎င်းပြန်လာသည်နှင့် တစ်ပြိုင်နက် ကျွန်ပ်သည် ကိုပီတာကြီးအား အနီးတွင်ခေါ်၍ ထမင်း ဟင်းချက်ပြုတ်ရလေ၏။ ထိုသို့ချက်ပြုတ်ပြီးနောက် ကိုပီတာကြီးကို မနက်စာကျွေးမွေး ရလေတော၏။ ကိုပီတာကြီးလည်း ကျွန်ပ်နှင့် စကားပြောရင်း ထမင်းကို မြိန်ရှက်စွာ စားသောက်လေ၏။ ထိုအချိန်၌မှာပင် ယမန်နေ့က ခြံအတွင်းမှ ဆိုင်းဘုတ်များကို ဆေးသုတ်ရန် တာဝန်ပေးထားသော ကျွန်ပ်၏ တပည့် တစ်ဦးသည်..ဆေးကောင်းစွာ မသုတ်တတ်သောကြောင့် ဆေးမျးကွက်သည့်နေရာက ကွက်၊ ထူသည့်နေရာကထူ၊ ဖြစ်နေသောကြောင့် ခေါ်ယူ၍ အပြစ်ပေးရလေ၏။ ထိုတပည့် ကျွန်ပ် အပြစ်ပေးမည်ကို ကြောက်လန့်နေပုံရ၏၊ ဟေ့ကောင်…လှဖေ မင်းက အတော်ကို အသုံးမကျတဲ့ကောင်.. ဆိုငါ်းဘုတ်ကလေး သုတ်တာတောင် အဖြစ်ရှိအောင် မလုပ်နိုင်ဘူး…အခုတော့ကြည့်စမ်း.. အချိန်လည်းကုန်တယ်၊ ဆေးတွေလည်းကုန်တယ်၊ ဒီလောက်တောင် အသုံးမကျတဲ့ကောင် ခြံထဲမှာ မနေနဲ့ အခုထွက်သွား၊ ဟုစိတ်ဆိုးမာန်ဆိုးဖြင့် ဆူပူကာ ကျွန်ပ်သည် လှဖေဆိုသော ကောင်ကလေးအား မောင်းထုတ်လိုက်လေတော့၏…ထိုအခါကို ကိုပီတာကြီးက ထမင်းစားရင်းနှင့် ကျွန်ပ်အား…
ဖိုးအောင်ထွန်း ထမင်းစားရင်နဲ့ ပုံလေးတစ်ပုံပြောပြမယ်.. နားထောင်နော်..ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါး ရှိတယ်ကွ၊ သူ့ရဲ့ ပန်းဥယျာဉ်ထဲမှာ ပန်းတွေကို စုံနေအောင် စိုက်ထားတယ်၊ ပန်းပင်တွေအပြင် ရှားပါးအဖိုးတန်တဲ့ ဂမုန်းပင်တွေလည်း..စိုက်ထားတယ်ကွ၊အဲဒီလိုအပင်တွေ စိုက်ဖို့ကိုလည်း…လစာရိက္ခာ ကောင်းကောင်းပေးပြီး…ဥယျာဉ်မှုး တစ်ယောက်ငှားထားတယ်၊ အဲဒီဥယျာဉ်မှုးဟာ ဘုရင်ရဲ့စိတ်ကြိုက် နှင်းဆီတွေ စံပယ်ပန်းတွေ၊ သစ်ခွတွေလည်းစိုက်ပေးတယ်၊ ဂမုန်းပင်တွေလည်း အကျအနစိုက်သေးတယ်၊ ဒါပေမဲ့ ဥယျာဉ်မှုးဟာ ဘယ်လိုစိတ်ကူးနဲ့လည်းတော့ မဆိုနိုင်ဘူး၊ မြေအိုးကလေးနဲ့ ခွေးသေးပန်းပင်လေး တစ်ပင်စိုက်ထားတယ်၊ အဲ့ဒီအိုးလေးကို ဂမုန်းပင်လေးရဲ့နောက်ကြားထဲမှာ ကွယ်ဝှက်ပြီး စိုက်ထားတာပေါ့၊ တစ်နေ့မှာ ဘုရင်ကြီးဟာ ဥယျာဉ်ထဲ ကိုလျောက်ကြည့်ရင်း ဥယျဉ်းမှုးဝှက်ပြီး စိုက်ထားတဲ့ ခွေးသေးပန်းအိုးကလေးကို သွားတွေ့တယ်။ ဘုရင်ကြီးက အတော့်ကို စိတ်ဆိုးသွားတယ်၊ ဒီလောက် အဖိုးတန်တွေ စိုက်ထားတဲ့ ဘုရင့်ဥယျာဉ်တော်မှာ ခွေးသေးပန်းပင်တွေ စိုက်ထားတာဟာ အင်မတန်ကြီးလေးတဲ့ အပြစ်ကြီးဖြစ်နေတယ်။ အဲဒီတော့ ဥယျာဉ်မှုးကို မင်းစိုက်တဲ့ ခွေးသေးပန်းပင်အိုးကို မင်းဟာမင်း ထမ်းပြီး ဒီမြို့ထဲက ထွက်သွားရမယ်၊ လို့အမိန့်တော်မှတ်လိုက်တယ်။ အလုပ်ကလည်း ထုတ်ပြစ်လိုက်တယ်။ ဥယျာဉ်မှုးခမျာမှာ အိုးလေးထမ်းပြီး ထွက်သွားရတာပေါ့… ဖြစ်ချင်တော့ ဘုရင်ကြီးဟာ အဲ့ဒီညမှာပဲ အရင်ဖြစ်ဖူးတဲ့ ချောင်းဆိုးရောဂါ ပြန်ထလာတယ်ဟေ့….အဲ့ဒီမှာ နန်းတွင်းသမားတော် တစ်ဦးက ခွေးသေးပန်းရွက်နဲ့ ဆားနဲ့ကြိတ်ပြီး မျိုလိုက်ရင် ချက်ချင်းသက်သာ သွားပါမယ်။ မသက်သာရင် သူ့ကိုသတ်ပါလို့ တင်ပြတယ်။ ဒါပေမဲ့ ခွေးသေးပန်းရွက်က ရှာလို့မရဘူး..အဲ့ဒီတော့ မင်းချင်းတွေကို လွှတ်ပြီး မြို့ပြင်ကို ခွေးသေးပန်းအိုးနဲ့ အတူ မောင်းထုတ်လိုက်တဲ့ ဥယျာဉ်မှုးကို ရှာခိုင်းရတယ်။ ညသန်းခေါင်လောက်ကျမှ ခွေးသေးပန်းအိုးလေး ဘေးချပြီး အိပ်နေတဲ့ ဥယျာဉ်မှုးကိုတွေ့လို့ ခွေးသေးပန်းပင်တော့ ရသွားတာပေါ့ …သမားတော်ပြောတဲ့အတိုင်း အဲဒီအပင်က အရွက်ကလေး သုံးလေးရွက်ကို ဆားလေးနဲ့ရော ကြိတ်ပြီး ဘုရင်ကြီးကို မျိုခိုင်းလိုက်တာ ဘုရင်ကြီးကလည်း ချက်ချင်းဆို ကောက်ပြီးမျိုချလိုက်တယ်။ အဲဒီမှာ ချောင်းဆိုးဟာ ခလုပ်ပိတ်လိုက်သလို ရပ်သွားတယ်။ အဲဒီတော့မှ ဥယျာဉ်မှုးကိုလည်း ပြန်ပြီး အလုပ်ခန့်တယ်။ ဘုရင့်ဥယျာဉ်တော်မှာလည်း ခွေးသေးပန်းပင်တွေ စိုက်ဖို့ခွင့်ပြုလိုက်တယ်။ တစ်တိုင်းပြည်လုံးမှာရှိတဲ့ အိမ်တိုင်း အိမ်တိုင်းကိုလည်း ခွေးသေးပန်းပင် တစ်ပင်စီ စိုက်ထားရမယ်လို့ အမိန့်ထုတ်လိုက်တယ်။ ငါပြောချင်တဲ့ ပုံပြင်ကဒီမှာပြီးပါပြီကွာ။
လောကကြီးမှာ အသုံးမဝင်တဲ့လူရယ်လို့ မရှိဘူးကွ…အဲဒီလိုပဲ အသုံးမဝင်တဲ့ ပစ္စည်းရယ်လို့ မရှိပါဘူး…နှင်းဆီပင်ဟာ နှင်ဆီပင်လို အသုံးဝင်တယ်။ ဂမုန်းပင်ကလည်း ဂမှန်းပင်လို အသုံးဝင်တယ်။ အဲ့ဒီလိုပဲကွ ခွေးသေးပန်းပင်ဟာလည်း ခွေးသေးပန်းပင်လို အသုံးဝင်တယ်။ ဘယ်သူက ဘယ်သူထက်သာတယ် ရယ်လို့မရှိပါဘူးကွာ…စောစောကမောင်း ထုတ်ပစ်လိုက်တဲ့ လှဖေဆိုတဲ့ ကောင်လေးဟာလည်း လှဖေလို အသုံးဝင်မှာပါကွာ…ဟုကျွန်ပ်အား ပြောပြလေ၏။
ဟုတ်ပါ့မလားဗျာ….ဟုကျွန်ပ်ကမေးလိုက်ရာ..ကိုပီတာကြီးက..
ဟုတ်တာပေါ့ ငါ့လူရာ ဒီမှာ မင်းသိင်္ခ ….မင်းကို ငါပြောပြမယ်၊ မင်းအနေနဲ့ ဒီဘဝမှာ မင်းသိင်္ခပဲ ဖြစ်ခွင့်ရှိတယ်၊ ပီတာကြီး ဖြစ်ခွင့်မရှိဘူး…ဘယ်လောက်ပဲကြိုးစား ကြိုးစား ပီတာကြီး ဖြစ်လာမှာမဟုတ်ဖူး၊ ဒီလောကကြီးတစ်ခုလုံးမှာ ပီတာကြီးလိုလူက တစ်ယောက်တည်းရှိတာ..မကျေနပ်လို့ ပီတာကြီးကို သတ်ပြစ်ရင်လည်း…ပီတာကြီး သေသွားတာပဲရှိမယ်။ နောက်ထပ် ပီတာကြီး တစ်ယောက် မရနိုင်တော့ဘူးကွ…ကမ္ဘာလောကကြီးက တစ်မျိုးတစ်ယောက်ပဲ ထုတ်လုပ် ပေးထားတာ… ပီတာကြီး နှစ်ယောက် မဖြစ်နိုင်ဘူး…ဒါကြောင့် ပီတာကြီးက ကြွေးကြော်တယ်…နိုးတူး…အရူးပီတာကြီးက ဘာမှ အသုံးမကျတဲ့သူလို့ မထင်နဲ့..အရူးပီတာကြီးလောက် အသုံးကျတယ်…အဲဒါကို အားကျပြီး လိုက်လုပ်ရင် ရူးတာပဲ အဖတ်တင်မယ်….ပီတာကြီးတော့ ဖြစ်လာမှာ မဟုတ်ဘူး…အဲဒီလိုပဲ ကိုယ့်လူ လူတိုင်း လူတိုင်း ဟာအသုံးကျတယ်။ သူ့နေရာမှာ သူဟာ အံအဝင်ဆုံးပဲ၊ အစားထိုးကြည့်လို့ မရဘူး..သူ့ထက်ပိုကောင်းသွားရင်လည်း..သူမဟုတ်တော့ဘူးပေါ့…အဲဒါကြောင့် လူတိုင်း လူတိုင်းဟာ ကမ္ဘာလောကကြီးက ထုတ်လုပ်လိုက်တဲ့ အသုံးဝင်တဲ့ အရာဖြစ်တယ်။ ဒါကြောင့် ဘယ်အရာဝတ္ထုကိုမှ အသုံးမဝင်ဘူးဆိုပြီး ပြောလို့မရဘူး…ဘယ်သူကိုမှလည်း အသုံးမကျဘူး ဆိုပြီးပြောလို့မရဘူး..အားလုံးဟာ အသုံးကျနေတယ်။ အားလုံးဟာလေးနက်နေတယ်။ ဒါကြောင့် စောစောကမောင်းထုတ်ပစ်လိုက်တဲ့ လှဖေဆိုတဲ့ ကောင်လေးကို လိုက်ပြီး ခေါ်လိုက်ပါ ငါ့လူရာ…မောင်းထုတ်ပြစ်လိုက်တဲ့ အကျင့်ကို မကျင့်စမ်းပါနဲ့၊ လက်ခံတဲ့ အကျင့်ကို လေ့ကျင့်စမ်းပါ။ ကဲ ငါသွားမယ်။
ဟုဆိုကာ ကိုပိတာကြီးသည် ကျွန်ပ်၏ ကျောကုန်းကို သူ၏ လက်သီကြီးဖြင့် အုန်းခနဲထုကာ ကျွန်ပ်အား နှုတ်ဆက်၍ လွတ်လပ်ပေါ့ပါသော ခြေလှမ်းများဖြင့် ကျွန်ပ်၏ ခြံအတွင်းမှ ထွက်သွားလေတော့၏။ ကျွန်ပ်မှာလည်း လှဖေအားရှာရန် ခြံတွင်းရှိလူများကို ရှာပုံတော်ဖွင့်ရလေတော့ သတည်း။
သဗ္ဗေသတ္တာ ကမ္မသကာ
မင်းသိင်္ခ
ဒီဆောင်းပါးလေးကို ဖတ်ပြီး တစ်ခုခုရသွား လိမ့်မယ်လို့မျှော်လင့်ပါတယ်။ မြန်မာစာ လက်ကွက်အားပို၍ ကျွမ်းကျင်အောင် စာရိုက်ရင်းဖြင့် ပြန်လည် တင်ပြလိုက်ခြင်းဖြစ်ပါတယ်……..
လေးစားစွာဖြင့်
ကိုဇော်လင်း

No comments:

Post a Comment