ထောပတ်ထမင်းနဲ့ ဆိတ်သားနှပ်
တစ်နေ့သ၌ ကျွန်ပ်နေထိုင်ရာ မှော်ဘီမြို့ အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော် မင်္ဂလာခြံသို့ ကျွန်ပ်နှင့် တစ်ရပ်ကွက်ထဲ နေခဲ့ဖူးသော ကိုပီတာဆိုသည့် လူကြီးတစ်ဦး ရောက်ရှိလာလေ၏။ ထိုကိုပီတာကြီးသည် စိတ်ကောင်းစွာ မနှံ့သူ လူကြီး တစ်ဦးဖြစ်သောကြောင့် အချို့က အရူးပီတာဟု ရင့်ရင့် သီးသီး ခေါ်ကြလေ၏။ ကျွန်ပ်မှာမူ ထိုသို့မခေါ်ရက်ပါ။ ထို့ကြောင့် ကိုပီတာဟုပင် ကောင်းကောင်းမွန်မွန် ခေါ်လေ၏။ ကိုပီတာကြီးသည် ကျွန်ပ်ကိုလှမ်း၍ မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ……… …ဟေ့…ဖိုးအောင်ထွန်း…ဂွတ်ဒ်မောနင်း….ဂွတ်ဒ်နိုက်ဟု နှုတ်ဆက်လေ၏။ ကဲပါကိုပီတာကြီးရယ် ဈေးကိုလွှတ်ရအုံးမှာ ….ဒီနေ့ မနက်စာကို…ဘာဟင်းနဲ့ စားမလဲ…ဟုကျွန်ပ်ကမေးလိုက်လေရာ..၎င်းက…
ထောပတ်ထမင်းနဲ့ ဆိတ်သားနှပ် စားချင်တယ်ကွာ၊ ဟင်းချိုကတော့ ပဲစင်းငုံကိုချက်ကွာ… ပြီးတော့ ငါးပိရည်၊ တို့စရာ မထည့်နဲ့ ၊သံပုရာသီးသနပ်နဲ့ ဘာလချောင်ကြော်…ထမင်းစားပြီးရင်တော့ မုန့်ကုလားမည်းနဲ့ ရေနွေးကြမ်း..အဲ့ဒါပြီးရင် နက်စ်ကော်ဖီ တစ်ခွက် ခပ်ပြင်းပြင်းလေး၊ နောက်ဆုံးမှာတော့ စီးကရက် တစ်လိပ်၊ အဲသလောက်ဆိုရင်ပဲ တော်ပါပြီ၊ ပီတာအဖို့ အိုကေမှာ စိုပြေပြီပေါ့…ငါ့လူရာ…….
ဟုဆိုသဖြင့် ကျွန်ပ်လည်း ထောပတ်ထမင်း ချက်ရလေ၏၊ ဆိတ်သားကို ဒိန်ချဉ်ဖြင့်နယ်၍ နှပ်ရ၏၊ ဘာလချောင်ကြော်ပြုလုပ်ရ၏၊ သံပုရာသီးသနပ်မှာမှု လုပ်ပြီးသား အဆင်သင့် ရှိ၏။ မုန့်ကုလားမဲမှာ လက်ဆောင်ရထားသည် ဖြစ်သဖြင့် ပူစရာမလိုပေ…ကျွန်ပ်သည် ကိုပီတာကြီးအား..ဆယ်တစ်နာရီ လောက်တွင် အကျအန တည်ခင်းကျွေးမွေးလေ၏… ၎င်းသည် မြိန်ရေ ရှက်ရေ စားသောက်ရင်း..
ဖိုးအောင်ထွန်းက တယ်လည်း သဒ္ဒါတရားအားကောင်း တာကိုး…နတ်ပြည်တတ်ရပြီ…ဟုပြောလေ၏။ ထို့ကြောင့် ကျွန်ပ်က….. ကိုပီတာကြီး…နတ်ပြည်က ဘယ်မှာလဲ…ဟုမေးရာ…၎င်းက
…..မှော်ဘီမှာ….
ဟုပြန်၍ ဖြေလေ၏…ထို့ကြောင့် ကျွန်ပ်က မဟုတ်တာတွေ ပြောပြီ ….ဟုပြန်၍ ပြောလိုက်မိလေ၏…ထိုအချိန်၌မှာပင် ကျွန်ပ်ထံတွင် ဗေဒင်သင်ကြားဖူးသော မိန်းမကြီးတစ်ဦး ..ကျွန်ပ်အနီးသို့ရောက်လာလေ၏….ထိုမိန်းမကြီးသည်..လုပ်ပုံကိုင်ပုံ အချိုးမကျသဖြင့် ကျွန်ပ်ထံသို့ လာရောက် တိုင်တန်းသူ အမြောက်အမြားရှိ၏။ ထို့ကြောင့် ထိုမိန်းမကြီးအား ကျွန်ပ်က နင်ပဲငဆ …ဆူပူကြိမ်းမောင်းရလေ၏။……
..ထိုအခါ ကိုပီတာကြီးက …..ဖိုးအောင်ထွန်းတော့ ငရဲကျပြီ…ဟုပြောလေ၏။….ထို့ကြောင့် ကျွန်ပ်က..ကိုပီတာကြီး ခင်ဗျားပြောတဲ့ ငရဲ ဘယ်မှာလဲဗျ…ဟုမေးရာ..ကိုပီတာကြီးက…..
…….မှော်ဘီမှာကွ……..ဟုပြန်၍ဖြေလေ၏။ ကျွန်ပ်သည် ၎င်းအားပြန်၍ မပြောတော့ပေ။ ကိုပီတာကြီးသည် စားသောက်ပြီးစီးသွား၍…စီးကရက် တစ်လိပ်ကိုရှုက်ဖွာ၍ နေလေ၏။ ထို့နောက်……………
မင်းကိုပြောရအုံးမယ်…ဟိုး…….ရှေးရှေးတုန်းက ဂျပန်လူမျိုး စစ်သူရဲကောင်း တစ်ယောက်ဟာ ဂျပန်ဘုန်းတော်ကြီး တစ်ပါးစီကို…အရှင်ဘုရား…ငရဲပြည်..နတ်ပြည်ဆိုတာ တကယ်ရှိသလား ….တကယ်ရှိတယ်ဆိုရင်..ငရဲပြည်ကိုဝင်တဲ့ဂိတ်၊ နတ်ပြည်ကိုဝင်တဲ့ ဂိတ်ပေါက်ဟာ…ဘယ်နေရာမှာလဲ ဘုရားတပည့် တော်ကို ညွှန်ပြပေးပါ၊ အဲဒီလိုညွှန်ပြပေးလို့ တပည့်တော်သိထားရင်..ငရဲပြည်ဝင်တဲ့ဂိတ်ကို တပည့်တော်ရှောင်မယ်။ နတ်ပြည်ဝင်တဲ့ ဂိတ်ကို တပည့်တော် သွားမယ်လို့လျောက်ထားလိုက်တယ်။ အဲ့ဒီမှာ ဘုန်းတော်ကြီးက အဲဒီဆာမူရိုင်းကို …နေစမ်းပါအုံး…မင်းကဘာလဲလို့ ပြန်ပြီးမေးတယ်…အဲဒီတော့ ဆာမူရိုင်းက …တပည့်တော်ဟာ စစ်သူရဲကောင်း ဆာမူရိုင်း တစ်ယောက်ပါ..လို့ဖြေလိုက်တယ်။ ဒါပေမဲ့ ဆရာတော်ကြီးက မင်းပြောလို့သာပဲ ဆာမူရိုင်းလို့ သိရတယ်။ ငါ့ရဲ့မျက်စိထဲမှာတော့ မင်းကသူတောင်းစား တစ်ယောက်လိုပါပဲ။ လို့ပြောလိုက်ရော…ဆာမူရိုင်းဟာ သိပ်ပြီးစိတ်ဆိုးသွားတယ်။ အမှန်က ဆာမူရိုင်းတွေဟာ သိပ်ပြီးရိုးသားကြပါတယ်။သူတို့ရဲ့ခေါင်းထဲမှာလဲ ဘယ်လိုရှုပ်ရှုပ်ထွေးထွေး အရာတွေ မရှိပါဘူး၊ အသက်ရှင်တာနဲ့ သေတာ နှစ်မျိုးလောက်ကိုပဲ အဓိကထားပြီး စဉ်းစားကြပါတယ်၊ …ရှင်မလား…
သေမလား….သေရမယ်ဆိုရင်လည်း..အခုချက်ချင်း သေဝံ့တဲ့ လူတွေပါ၊ အဲ့ဒီတော့ ဆရာတော်ကြီးက ..သူ့ကိုသူတောင်းစားနဲ့ တူတယ်လည်းပြောရော…ဆာမူရိုင်းဟာ ခါးမှာလွယ်ထားတဲ့ ဓါးကြီးကို…ဆက်ခနဲ ဆွဲထုတ်လိုက်တယ်။ ဓါးအိမ်ထဲက တစ်ဝက်လောက် အထွက်မှာပဲ ဆရာတော်ကြီးက မင်းအတွက် ငရဲပြည်ရဲ့ ဂိတ်တံခါးဟာ ပွင့်သွားပြီ၊ ဘာကြောင့်လဲဆိုတော့ မင်းဟာ ဘုန်းတော်ကြီး တစ်ပါးထံလာပြီး သတ်မယ်…ဖြတ်မယ်လို့ကြံတာကိုး… အဲဒီတော့ မင်းရဲ့ ငရဲပြည်ဂိတ်တံခါး ပွင့်သွားပြီပေါ့။ လို့ပြောလိုက်တယ်။ အဲ့ဒီအခါမှာ ဆာမူရိုင်းဟာ သတိပြန်ဝင်လာပြီး ဓါးကို ဓါးအိမ်ထဲ ဒေါက်ကနဲ ပြန်ထည့် လိုက်တယ်။ ပြီးတော့ ဆရာတော်ကြီးကို လက်အုပ်ချီလိုက်တယ်…အဲ့ဒီတော့ ဆရာတော်ကြီးက ဟော….
ဆာမူရိုင်းရေ….မင်းရဲ့နတ်ပြည်တံခါးပွင့်ပြန်ပြီကွ၊ ဘာဖြစ်လို့လဲဆိုတော့ လေးစာကြည်ညိုရမယ့် ပုဂ္ဂိုလ်ကို မင်းက လေးစားကြည်ညိုတယ် မဟုတ်လား၊ ငရဲတွေ နတ်ပြည်တွေ ဆိုတာ အပြင်မှာ မရှာပါနဲ့ ဆာမူရိုင်းရယ်။ မင်းရဲ့ ခန္ဓာထဲမှာပါပဲ၊ မင်းရဲခန္ဓာတွင်းမှာ ငရဲရော၊ နတ်ပြည်ပါလုံလုံလောက်လောက် ထည့်ပြီးသားပါ။ ဘယ်မှာရှာမတုန်းလို့ ပြောလိုက်တဲ့ အခါမှာ ဆာမူရိုင်းဟာ သဘောပေါက် သွားတယ်။
အဲ့ဒီတော့ မင်းသိင်္ခလို့ခေါ်တဲ့ မောင်အောင်ထွန်းရေ…..အသက်လည်း မငယ်တော့ဘူး၊ ဂိမ်းဘောရောက်နေပြီ၊ မင်းရဲ့ ငရဲလမ်းနဲ့ နတ်ပြည်ဟာ ဝေးဝေးမှာ မဟုတ်ဘူး…ဟောဒီ မှော်ဘီမှာပဲ၊ မှော်ဘီမှာတောင်…ဟောဒီ မရမ်းတလင်းမှာပဲ….ဟောဒီ မရမ်းတလင်းမှာဆိုတာ ထက်…
ဟောဒီ…..မင်းရဲ့ခန္ဓာထဲမှာ………
ဟုဆိုကာ ကျွန်ပ်၏ ရင်ဘတ်ကြီးကို သူ၏လက်ဝါးကြီးဖြင့် ဘုန်းကနဲပုတ်၍ တဟဲဟဲရယ်ကာ ကျွန်ပ်အားနှုတ်ဆက်၍ ခံ့ညားစွာ လျှောက်လှမ်း ထွက်သွားလေတော့ သတည်း။
မင်းသိင်္ခ
ဒီဆောင်းပါလေးကို ဖတ်မိပြီး မိမိတို့ရဲ့ သွားမယ့် ဂိတ်တံခါးကို မိမိတို့ ခန္ဓာမှာ မှန်ကန်သော ညဏ်အမြင် မှန်ကန်သောသီလ ….မှန်ကန်သောသတိ…. မဂ္ဂင်ရှစ်ပါးတရားလမ်းစဉ်များ လက်ကိုင်ထားကြလို့ …..ယခုမျက်မှောက်ဘဝ မှာပင်…ရှာဖွေတွေ့ရှိနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
လေးစားစွာဖြင့်
Mg Noe

No comments:
Post a Comment