Wednesday, June 8, 2016

ပြောလိုတာက



ကျွန်ပ်သည် ၂၀၀၅ ခုနှစ်မှ စ၍ အဘဆရာကြီး မင်းသိင်္ခထံတွင် ၂၀၀၅ တွင် တစ်ကြိမ် ၂၀၀၆တွင် တစ်ကြိမ် သင်တန်းတတ်ရောက်ခဲ့ ပြီး ဗေဒင်ပညာသင်ယူခဲ့လေ၏၊ သန္ဓေတပည့်ရင်း အဖြစ်မရမ်းတလင်းခြံတွင် နေထိုင်ပြီး သင်ယူရန် ကျွန်ပ်စဉ်းစားခဲ့သေး၏ ၄င်းအစီအစဉ်ကို ပျက်သွားစေသော အကြောင်းရင်းမှာ ကျွန်ပ်သည် အိပ်ရေးပျက်ခြင်း ဒဏ်ကို မခံနိုင်သည်က တစ်ကြောင်း၊ နောက်တစ်ချက်မှာ ဆရာကြီး သင်ပြသော ယတြာများ အလင်္ကာများ ကိုနှုတ်တိုက် အလွတ်ကျက် ယတြာတို့သည် ဟိုဆရာထံသွားလည်း ဒီယတြာ ဒီဆရာ ထံသွားပြီးမေးလည်း ဒီယတြာပဲ။ တစ်ချို့သော ယတြာများသည် ဗေဒင်မေးလာသူကပင် ထုတ်ပြောနိုင်လောက်အောင် ဆရာကြီး အကုန်ပြောပြ ရေးပြသွားခဲ့ပြီး ဖြစ်၏။  ပုံသေနည်းအတိုင်း ကြီးကို ကျွန်ပ်မနှစ်သက်ပါ။ ကျွန်ပ်၏ ပင်ကို အသိမှာ မည်သည့် ပညာရပ်မဆို ပုံသေတွေးမထားခဲ့။ ဘာကြောင့်ဆိုတာတော့ အဖြေရှာလိုက်ရမှာ ကျေနပ်သူဖြစ်သည်။ ကျွန်ပ်၏ အကြောင်းကိုသာ ကျွန်ပ်ရေးခြင်း ဖြစ်ပါသည်။ မည်သူတစ်ဦး တစ်ယောက်ကိုမှ ပုတ်ခတ်လိုခြင်း စော်ကားလိုသော ဆန္ဒဖြင့် ရေးခြင်း မဟုတ်သည်ကို သတိချပ်စေလိုပါသည်။ အကယ်၍ အထင်လွဲပါကလဲ ကျွန်ပ်မည်သို့မျှ မတတ်နိုင် ဖြေရှင်းမည်မဟုတ်ပါ။
ဆရာကြီးထံသို့ မရောက်မီကပင် အခြေခံ သိသင့် သိထိုက်သည်တို့ကိုယ့် လေ့လာပြီး အပျော်တမ်းဗေဒင်ဟောပြောခဲ့သူဖြစ်၏ တက္ကသိုလ်တတ်ရောက်စဉ် လက်ဖက်ရည်ဖိုး ထမင်းဖိုး ကျွန်ပ် မရှင်းရသည်က များ၏ အဘမင်းသိင်္ခဆီမှ သင်တန်းဆင်းပြီးနောက် ကျွန်ပ်၏ မိတ်ဆွေများက ဟိုမှ ဒီမှပင့်၍ ၄င်း ဗေဒင်မေးကြလေတော့၏။ ကျွန်ပ်အား မေးသည်ထက် နိုင်ငံကျော်စာရေးဆရာ ဗေဒင်ဆရာကြီး မင်းသိင်္ခဆီက ပြန်လာတာကွ သင်လာတာကွ ဟူသော အထင်ကြီးခြင်း ဆရာကြီးအား လေးစားခြင်းကြောင့်သာ ဖြစ်သည်ကို ကျွန်ပ်ဝန်ခံပါသည်။ မည်သို့ပင်ဆိုစေကာမှု ဆရာကြီး၏ ကျေးဇူးတရားကို အသိမှတ်ပြုလို၍၄င်း ဆရာကြီး ဖြစ်စေချင်သော ..နေရာအသီးသီးမှ ဆရာ ဆရာမများ ဆရာကြီး၏ အရှိန်အဝါဖြင့် အလွန်အောင်မြင်နေသော ဆရာ ဆရာမတို့အား ဆရာကြီး မကြာခဏ ပြောခဲ့သော စကားတစ်ခွန်းမှာ ဆရာတို့ ဆရာမတို့ ဗေဒင်ပညာရပ်ဖြင့် လောက အလယ်မှာ ဝင့်ထယ်စွာ နေရာယူနိုင်ပါစေ ဟူတည်း။ ယခုတွေ့မြင်နေရ ကြားရသည်မှာ ထိုသို့မဟုတ် … နေ့စဉ်လိုလို တွေ့မြင်ရဖန် များလာသောအခါ အလွန်စိတ်မကောင်း ဖြစ်ယုံမှ တစ်ပါး မည်သို့မျှ မတတ်နိုင်။
ကျွန်ပ် အမှန်အတိုင်း ဝန်ခံရမည်ဆိုလျှင် ငယ်စဉ်ကလေး ဘဝထဲက ဆရာကြီး မင်းသိင်္ခ ၏ အမည်ကို အလွန်နှစ်သက် လေးစားခဲ့သူဖြစ်သည်။ ကျွန်ပ်၏ ဖခင်သည် ဆရာမင်းသိင်္ခ စာအုပ်ကို မလွတ်တမ်းဖတ်လေ့ရှိသည်။ ဖခင်ကြီး ရုံးကပြန်လာလျှင် ဝထ္တူတစ်အုပ် အမြဲပါလေ့ရှိ၏ ၄င်းအချိန်ကာလသည် ကျွန်ပ် ၆တန်းကျောင်းသား လောက်ကပင်ဖြစ်၏ ။ ထိုကာလက ဖြစ်ချင်တာဖြစ် မောင်ဘချစ်၊ မဟာမြိုင်ခရီးသည် ပ ဒုသည် ကျွန်ပ်ငယ်ငယ်ထဲက ကြိုက်နှစ်သက်စွာ ဖတ်ခဲ့သော စာအုပ်ဖြစ်၏။ ကျွန်ပ်နေထိုင်သော ရပ်ကွက်ရှိ အိမ်တော်ရာဘုန်းကြီးကျောင်းတွင်  တစ်ခါတစ်ရံတွင် ဆရာမင်းသိင်္ခ၏ စာပေဟောပြောပွဲ ကက်ဆက်ခွေကို ဖွင့်လေ၏ အိုက်တုန်းက ဆရာကြီး အသံသည် ယခုလိုမဟုတ်သေးပါ။ စာဖြင့် ရေးမပြတတ်ပါ။ ကျွန်ပ်၏ ဖခင်ကို ကျွန်ပ်ကမေး၏။ အဖေတို့ပြောပြောနေတဲ့ အဖေတအားကြိုက်တဲ့ အိုက်ဆရာကြီးက ဘယ်သူတုန်းအဖေရ ဘာလို့ အဖေတို့က ကြိုက်တာတုန်း။ ငါသားရ သူက စာရေးကောင်းတယ်ကွ၊ ဗေဒင်လဲဟောတယ်ကွ၊ အိုက်လောက်ပဲ အဖေကပြောသည်ကို ကျွန်ပ်မှတ်ထားခဲ့ပြီး စိတ်ထဲကနေ တွေးလေတော့၏ ကျွန်ပ်၏ ဖခင်ကိုယ်တိုင် လေးစားရသော မကြာခဏ ပြောပြောနေသော ဒီဆရာကြီးကို ငါကြီးလာလို့ အကြောင်းတိုက်ဆိုင်ရင် တွေ့ကိုတွေဦးမယ်ကွာ ဟုငယ်စဉ်ကထဲက ဆုတောင်းခဲ့လေ တော့၏။  ကား ကျွန်ပ်နှင့် ဆရာကြီး မင်းသိင်္ခ တွေ့ဆုံမည့် ပညာသင်ကြားခွင့် ရလာစေသည့် အကြောင်းတရား တစ်ခု ဖြစ်လာလေတော့သတည်း။
ယနေ ကျွန်ပ်၏ မိတ်ဆွေ တစ်ဦးထံမှ စာအုပ်လေး တစ်အုပ်လက်ဆောင် ရလာလေ၏ စာအုပ်အမြည်းလေး ဖတ်ယုံတင် ကျွန်ပ်သည် အလွန်ပင်ကြိုက်နှစ်သက်သော စာသားလေး တစ်ချို့အား ကျွန်ပ် ပြန်လည်ရေးသား ဖော်ပြလိုက်ရပါသည်။
          ဗေဒင်ပညာသည် မုချမှန်ကန်သော ပညာဖြစ်၏။ သို့ရာတွင် ဗေဒင်၏ မှန်ပုံ မှန်နည်းကို အကြွင်းမဲ့ မသိရှိသေး သဖြင့် အချို့ဆရာများသည် ယောင်ဝါးဝါး ဖြစ်နေကြရသည်။ ကိန်းခန်းအရ မလွန်ဆန်နိုင်သေ အမှန်များသည် အာမခံနိုင်သော အမှန်များ ဖြစ်သည်။
ကိန်းခန်းကို ပိုင်ဆိုင်ကျော်နင်းနေသူမှာ ဇာတာရှင်ဖြစ်သည်။ထိုသူသည် ကိန်းခန်းကို မလွန်ဆန်နိုင်၊ သူသည် ကိန်းခန်းကို လိုက်လျောလိုက လိုက်လျောမည်။ ဆန့်ကျင်လိုက ဆန့်ကျင်မည်။ သူ့သဘော ဖြစ်၏ မည်သူမျှ မဟောနိုင်၊ ကိန်းခန်းကို လိုက်လျောလျှင် လွယ်ကူ၏ သက်သာ၏၊ အောင်မြင်၏ ကံကောင်း၏ ကိန်းခန်းကို ဆန့်ကျင့်လျင် ခက်ခဲ၏ ပင်ပန်း၏။ နှစ်ချက်လုံးသည် ဇာတာရှင်၏ သဘောသာဖြစ်၏ ကိန်းခန်းဆိုသည်မှာ မဟာဘူတဓါတ်တို့ အလိုကျဖြစ်၍ သက်ရှိ သက်မဲ့ မည်သူမျှ မလွန်ဆန်နိုင်ပေ။ လွန်ဆန်၍ ရကောင်းသော အရာမဟုတ် မိမိကသာ ကြိုက်ရာရွေးချယ်နိုင်သည်။
ပမာဆောင်ရသော် လှေသမားသည် ရေချိုသို့ရောက်ပါက ရေသောက်လျှင် အားရှိမည်။ ရေငန်သို့ ရောက်ခိုက် ရေမသောက် လျှင် ကောင်းမည် ဥပါဒ်ကင်းမည်။ ရှောင်ကြဉ်ရမည်။ မရှောင်ကြဉ်ပဲ ရေငန်ကို သောက်မိသော် မည်သည့်နည်းနှင့်မှ ဒုက္ခဥပါဒ်နှင့် လွတ်မည် မဟုတ်ပေ ။ ထို့အတူ ရေချိုသို့ရောက်ခိုက် ဖြစ်ပါလျက် မသောက်မိသော် အားရှိမည်။ ကောင်းမည် မဟုတ်တော့ပေ။ နေရာ အချိန်သို့ရောက်ခိုက် ရေချိုကို သောက်သော်ကောင်းစားမည်။ နေရာ အချိန်သို့ရောက်ခိုက် ရေငံကို သောက်သော် ဆိုးရွာမည်ကို သိခြင်းသည် ဗေဒင်၏ ပထမဆုံး မှန်ကန်ခြင်း ဖြစ်သည်။
ထို့ကြောင့် ရေချိုသို့ရောက်သည် အချိန်ဖြစ်၍ ကောင်းမည်ဟု ဟောနိုင်ပါမည်လော… ရေငံသို့ရောက်သည့် အချိန်ဖြစ်၍ ဆိုးမည်းဟု ဟောပါမည်လော…

ကိန်းသည် ကိန်းမျှသာ ဖြစ်၍ ကံမဟုတ်ပေ။ ဗေဒင်ဆရာသည် ကိန်းကိုသိသူမျှသာ ဖြစ်သည်။ ကိန်းပညာရှင်မျှသာ ဖြစ်သည်။ လူတစ်ယောက်၏ ကံကိုကား ဘုရား၊ ရဟန္တာတို့မှအပ ကမ္ဘာတွင် ကြို၍ သိမြင်နိုင်သူမရှိပြီ။ ဗေဒင်ဆရာသည် ကံကို မြင်ရသူသဖွယ် ဘယ်ကဲ့သို့ ဖြစ်ရမည်ဟု မပြောနိုင်ချေ။ ပြောလျှင်လည်း မှန်မည် မဟုတ်ချေ။  သို့ဆိုသော် ရှေးက ပညာရှိတို့သည် တိတိကျကျ ပြောနိုင် ဟောနိုင်သည်မှာ အဘယ့်ကြောင့်နည်း။
နိယာမ ကိန်းတို့သည် မြဲသော သဘောရှိသည်။ ကိန်းခန်းများကို သိသဖြင့် ကောင်းစားရမည့်အခါ ဆိုးရမည့်အခါတို့ကို သိရာ၏။ သို့ပါသော်လည်း မလွဲမချွတ်ဖြစ်ရမည့် သဘောကို ဘယ်ကဲ့သို့ သိနိုင်ပါမည်နည်း။
လောကဓါတ်ကြီးသည် အကြွင်းမဲ့ သက်သေခံကြီးပင် ဖြစ်တော့သည်။ ၄င်းသည် အကျိုးသက်ရောက်မှု့ ဟူသ၍ အတွက် အကြောင်းနိမိတ်တို့သည် ဦးစွာထင်ရှားပြသတတ်ပေသည်။
ပမာဆိုရသော် မိုးတွင်းအခါမှန်း သိကားသိပေ၏။ သို့ရာတွင် ဒီနေ့ မိုးရွာ မရွာ မည်သို့သိနိုင်မည်နည်း။ မိုးတွင်းအခါ ဖြစ်၍ နေ့တိုင်းမိုးရွာမည် မဟုတ်ပေ။ မိုးရွာရန် ဦးစွာနိမိတ်ပြရပေသည်။ ယင်းနိမိတ်ကား မိုးသား မိုးလိပ်များတတ်လာခြင်းပင်။ မိုးချုန်းသံကို ကြားရခြင်းကား အိမ်ထဲမှနေ၍ မိုးသားများမမြင်ရသော်လည်း မိုးရွာမည့် တဘောင်အသံများတည်း။
ဥပမာ ကောင်းသော အခါတွင်းသို့ ဝင်ရောက်နေသူကို ကောင်းသောနိမိတ်များ ဖြစ်သည့် (ကောင်းသော ဂြိုလ်နိမိတ်များက သက်သေခံပေသည်) နိမိတ်များ မပြပါက မိုးတွင်းဖြစ်သော်လည်း မိုးမရွာနိုင်သေး) ဟူသကဲ့သို့ ကောင်းကြိုးမရနိုင်သေး ။
ရာထူးတိုးနိုင်ပါသည်။
အိမ်ထောင်ကျနိုင်ပါသည်။
ထီပေါက်နိုင်ပါသည်။
အမွေရနိုင်ပါသည်။
နိုင်ငံခြားသွားရနိုင်ပါသည်။
ကိန်းခန်းက ဒီတိုင်းပြောနေသည်ပဲဆိုပါဆို့.. ရာထူးတိုးဖို့ နိမိတ်ကို ဆရာဖြစ်သူက ဦးစွာမေးရပါမည်။ (ဂြိုလ်နိမိတ်ဆိုင်ရာ) ခင်ဗျားအိမ်ရှေ့မှာ နတ်ကန္နားပေးသလား၊ ခင်ဗျားနဲ့ မရင်းနှီးသေးတဲ့သူတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို သွားပြီးပလား၊ ခင်ဗျား အိမ်ကို ခလေးမျက်နှာ မြင်မဲ့ ကိုယ်ဝန်ဆောင် မိန်းမတစ်ဦး လာသွားသေးလား။ စသည် စသည် ဟောလိုရာကို ကြိုတင် ထောက်လှမ်း၍ မေးရပါ၏… ဒါတွေဟာ ဆရာဖြစ်သူက အကြောင်းမဲ့ သက်သက်မေးနေခြင်း မဟုတ်သည်ကို နားလည်သင့်သည်။ ကောင်းသောဂြိုလ်ရဲ့ ကောင်းသောနိမိတ်ကို တွေ့ပြီး မတွေ့ပြီး မေးနေခြင်း ဖြစ်သည်။
ဇာတာရှင်က ဟုတ်ကဲ့ အိမ်ရှေ့မှာ နတ်ကန္နားပွဲပေးပါတယ်ခင်ဗျာလို့ အံ့အားတသင့်ဟော ပြောခြင်းမှာ ဆရာဟောတာ မှန်ခြင်း မဟုတ်သေးပါ။
အဟောထဲတွင် ပေးကိုပေးရမည်။ တွေ့ကိုတွေ့ရမည်ဟု မဟောနိုင်ပါ (သတိချပ်ပါ)

Thursday, November 19, 2015

ရှင်းလိုက်ရအောင်



… ချစ်လှစွာသော သူငယ်ချင်းများ မိတ်ဆွေများ အတွက် …
ကျွန်ပ်အလွန် ကြိုက်နှစ်သက်ပြီး မကြာခဏ ဖတ်ဖြစ်သော ဆောင်းပါလေးတစ်ပုဒ်ကို လိုရင်းကို အကျဉ်းချုပ် ပြန်လည်တင်ပြလိုက်ရပါတယ်။
          တစ်ခါတုန်းက တရုတ်ပြည်မှာ ဘုန်းတော်ကြီး တစ်ပါးသီးတင်းသုံး နေတော်မူပါတယ်။ တစ်နေ့မှာ သူဆီကို ကျောင်းဆရာကြီး တစ်ယောက် ရောက်လာပြီး ထိုင်တောင် မထိုင်ရသေးဘူး၊ သူသိချင်တွေကို တရစပ်စတင်ပြီး မေးပါတော့တယ်။ ဘုန်းတော်ကြီးရဲ့ ဘွဲ့အမည်က နန့်အင်းတဲ့၊ အဲ့ဒီကျောင်းဆရာကြီးက ကျောင်းကလေးပေါ် ရောက်တာနဲ့ အရှင်ဘုရား ကမ္မဋ္ဌာန်း ထိုင်တာ ဘယ်လိုထိုင်သလဲဘုရား၊ မြတ်စွာဘုရားသခင်ဟာ သီတင်းကျွတ်လပြည့်နေ့မှာ သိ င်္ဂီသဋ်နဂိုပြည်ကို တာဝတိံသာကနေ ဆင်း သက် ကြွလာ တော်မူတယ်လို့ ပြောကြတယ်။ အဲ့ဒီမှာ ဘယ်တရားကို ဟောပါသလဲဘုရား၊ စပြီးမေးခွန်းတွေ အများကြီးမေးတော့တာပဲ၊ အဲဒီမှာ ဦးပဉ္စင်းနန့်အင်းက ငြိမ်သက်စွာနားထောင်တော်မူပြီး ဒကာကြီးကြည့်ရတာ အတော်မောနေပုံရတယ်၊ မောမှာပေါ့လေ အသက်ကလေးကလဲ အတော်ရနေပြီးပဲ ပြီးတော့ဒီကျောင်းကလည်း ကြည့်ရင် အတော်နိမ့်တယ်လို့ထင်ရပေမယ့် အတော်မြင့်သား၊ ဒကာကြီးလာတာကလည်း ဟိုးအဝေးကြီးကလာတာမို့လား၊ အမောပြေရေးနွေးကြမ်းလေး သောက်ပါဦး၊ ရေနွေးကြမ်းလေးတစ်ခွက်တော့တိုက်ပါရစေ လို့ဆိုပြီး အနားမှာရှိတဲ့ အုတ်မီးဖိုလေးထဲကို ဦးပဉ္စင်းကိုယ်တိုင်ပဲ မီးသွေးတွေထည့်တယ်၊ မီးမွှေးတယ်၊ ပြီးတော့ရေနွေးအိုးတည်တယ်၊ အဲ့ဒီတည်ထားတဲ့ အချိန်မှာပဲ ကျောင်းဆရာကြီးက သူသိချင်တာတွေကို မေးမယ်တကဲကဲလုပ်တော့တာပဲ၊ အဲဒီတော့ ဦးပဉ္စင်းက ဒကာကြီးရာ မလောစမ်းပါနဲ့ ရေးနွေးကြမ်းလေးဆူပြီးတဲ့အထိ လက်ဖက်ခြောက်ကလေး ကောင်းကောင်း ခပ်ပြီးတဲ့အထိ၊ ပန်းကန်လုံးထဲကိုငှဲ့ပြီးတဲ့အထိ သည်းခံပြီးစောင့်လိုက်စမ်းပါဦး၊ အဲ့ဒီအခါမှာ ဒကာကြီး သိချင်တာတွေ အဖြေရပြီးသား ဖြစ်သွားမှာပါ။ သည်းခံပါ သည်းခံပါ လို့ပြောလိုက်ပါတယ်။ ကျောင်းဆရာကြီးက အတော်လေးကသိကအောက် ဖြစ်သွားပါတယ်။ သူကသိချင်နေတာ ဦးဇင်းက သူ့ကိုရေးနွေးကြမ်းတိုက်ဖို့ကြီး လုပ်နေတယ်။ အဲ့ဒီမှာ ကျောင်းဆရာကြီးရဲ့ စိတ်ထဲမှာ ခတ်တော့တာပဲ၊ ငါ့မှာတော့သိချင်တာလေးတွေ သိရဖို့ အဝေးကြီးက လာခဲ့ရတယ်။ တောင်အမြင့်ကြီးကိုတတ်ခဲ့ရတယ်။ ဒီကြားထဲ ဦးဇင်းကြီးက ငါ့ကိုရေနွေးကြမ်းတိုက်ဖို့လုပ်နေတယ်။ သူတိုက်တဲ့ ရေနွေးကြမ်းလေးတစ်ခွက် သောက်ပြီးရင် ငါမေးတဲ့မေးခွန်းတွေ ဖြေပြီးသားဖြစ်မှာပါလို့ပြောတယ်။ ဘယ်လိုဖြစ်မှာတုန်း၊ ငါသိချင်တာတွေကို ဒီရေနွေးကြမ်းက ဘယ်လိုအဖြေပေးမှာတုန်း၊ ငါတော့ အချိန်ကုန်လူပန်းပြီး လာမိတာ မှားပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီတောင်ပေါ်က မဆင်းခင် ရေးနွေးကြမ်ေးလး တစ်ခွက်သောက်သွားရင်တော့ ပိုကောင်းတာပေါ့လို့စိတ်ထဲမှာဆုံးဖြတ်လိုက်တယ်၊ အဲ့ဒီအချိန်မှာပဲ မီးဖိုပေါ်တင်ထားတဲ့ ရေနွေးအိုးကလေးဟာ ဆူလာတဲ့အတွက် သူ့ရဲ့နှုတ်သီးက တရွှီရွှီ အသံတွေမြည်လာပြီ၊ အဲဒီတော့မှ ဦးဇင်းနန့်အင်းက ရေနွေးကရားထဲ လက်ဖက်ခြောက် ကောင်းကောင်း ခပ်လိုက်တယ်၊ လက်ဖက်ခြောက်ကျလောက်တဲ့ အချိန်လည်းရောက်ရော ပန်းကန်လေးတစ်လုံးကို အောက်ကပန်းကန်ပြာလေးတစ်ချပ်ခံပြီး ကျောင်းဆရာကြီးရှေ့ထိုးပေးပြီး ပန်းကန်လုံးထဲကို ဦးဇင်းကြီးကိုယ်တိုင် ရေနွေးကြမ်းငှဲ့ပေးတယ်၊ ဦးဇင်းကြီးငှဲ့ပေးတဲ့ ရေနွေးကြမ်းဟာ ပန်းကန်လုံးထဲကိုပြည့်ပြီး အောက်ပန်းကန်ပြားထဲကိုပါ လျှံနေပြီ။ နောက်ထပ် တစ်စက်လောက် ထည့်လိုက်တာနဲ့ ပန်းကန်ပြားပေါ်လျှံပြီး ကြမ်းပြင်ပေါ်စီးကျတော့မယ်။ အဲ့ဒီအခါမှာ ကျောင်းဆရာကြီးက ဟိုးဟိုး ဦးဇင်းကြီး ပန်းကန်လုံးရော ပန်းကန်ပြားရော လျှံနေပြီလေ။ ဦးဇင်းကြီးမျက်စိမှုံနေပြီလား၊ ထပ်ပြီးထည့်ရင် ကြမ်းပြင်ပေါ် ဖိတ်ကျဖို့ပဲရှိတော့တယ်လို့ ပြာပြာသလဲပြောတော့တာပဲ။ အဲဒီတော့မှ ဦးဇင်းကြီးက ဒကာကြီး ဖြစ်နေတာ ဒီအတိုင်းပါပဲ။ ကျုပ်ရဲ့တဲကျောင်းကလေးထဲကို ဝင်လာကတည်းက မေးလိုက်တဲ့ မေးခွန်းတွေ ဒကာကြီးရဲ့ တကိုယ်လုံးမေးခွန်းတွေနဲ့ ပြည့်နေတယ်။ အပြင်ကိုတောင်လျှံကျနေပြီ၊ ကျုပ်ရဲ့ကျောင်းကလေးတောင် ပြည့်နေပြီ၊ ကျုပ်ကအဖြေပေးဖို့နေရာတောင် မရှိဘူး၊ အဲ့ဒါကြောင့် ဒကာကြီးပြန်ပါ.. ဒကာကြီးရဲ့ခွက်ထဲက မေးခွန်းတွေ သွန်ချပြီးရှင်းလိုက်ပါဦး..ပြောလိုက်လျှင် ကျောင်းဆရာကြီးသည် သဘောပေါက်သွားပြီး ဖြစ်ရာ ပြုံးလိုက်လေ၏။ ပြီးလျှင် ဦးဇင်းကြီးအား ဦးချ၍ ကျောင်းကလေးအတွင်းမှ စတင်ထွက်ခွာလေတော့၏ ထွက်ခါနီးတွင် ကျောင်းဆရာကြီးက ဦးဇင်းဘက်ကိုလှည့်ပြီး …….
          သဘောပေါက်ပါပြီဘုရား…တပည့်တော်ခွက်ထဲက မေးခွန်းတွေ သိလိုစိတ်တွေကို အပြီးအပိုင်သွန်ချပြီးတော့မှ တစ်ခေါက်လာပါဦးမယ်ဘုရား လို့ပြောလိုက်ပါတယ်။ အဲ့ဒီအခါ ဦးဇင်းကြီးက ခွက်ထဲက မေးခွန်းတွေကို ရှင်းလိုက်ပါဦးဆိုတာ သိလွယ် မြင်လွယ်အောင် ပြောလိုက်တာပါ။ အဲ့ဒါတွေ ရှင်းမှ ထပ်ထည့်လို့ရမှာမဟုတ်လား၊ တကယ်ပြောရရင်တော့ ခွက်ပါမရှိအောင် ရှင်းလိုက်ရင် ပိုကောင်းတာပေါ့၊ အကြမ်းပန်းကန်လုံးကိုပဲ ကြည့်လေ၊ ရေနွေးကြမ်းတွေနဲ့ ပြည့်နေရင် ထည့်လို့မရဘူး၊ အဲ့ဒီရေနွေးကြမ်းကို သွန်ရမှာပဲ၊ ဒါပေမယ့် နောက်တစ်ခါထပ်ပြီး ပြည့်လာဦးမှာပဲ၊ ဘယ်တော့မှ မပြည့်အောင်ဆိုရင် ခွက်ပါမရှိမှ ဖြစ်မယ်ဗျို့၊ ခွက်မရှိလေတော့ ထည့်စရာလည်း မရှိဘူး၊ ပြည်လို့လျှံကျတယ်ဆိုတဲ့ ပြသာနာလဲ မရှိဘူးပေါ့ ဒကာကြီးရယ်လို့ မိန့်တော်မူလိုက်တဲ့ အခါမှာ ကျောင်းဆရာကြီးဟာ တွေတွေကြီး ရပ်နေပြီး ဆက်ခနဲမြေပြင်ပေါ်ကို ဒူးထောက်ချလိုက်လို့  ဦးဇင်းရဲ့ ခြေအစုံကို ဦးခေါင်းနဲ့တိုက်ပြီး ကျေနပ်ဝမ်မြောက်စွာ ရှိခိုးလိုက်ပါတော့တယ်။ ပြီးတော့ ဦးဇင်းနန့်အင်းကို ပြုံးပြလိုက်တယ်။ ဒီအပြုံးဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်သော အပြုံး ဖြစ်သွားပါတော့တယ်ဗျာ၊
ကဲ မိတ်ဆွေတို့ ခွက်ထဲမှာလည်းပြည့်လျှံနေပြီ၊ ခွက်ထဲက ဟာတွေသွန်ချပြစ်လိုက်တော့ဗျာ၊ ထည့်စရာခွက်ကြီးပါ မထားနဲ့တော့ဗျို့…..
အဘဆရာကြီးမင်းသိင်္ခ၏ ဆောင်းပါးလေးအား ပြန်လည်တင်ပြပါသည်။
မေတ္တာဖြင့်
ဆရာ ထွန်းအောင်လင်း

Wednesday, May 20, 2015

ကြာသာပတေးနေ့ဖွားတို့ Ko Soekhaing

ကြာသာပတေးနေ့ဖွားတို့ ကံဇာတာ (၁၃၇၇)
=============================
သည်တစ်နှစ် ထူးခြားတာကတော့ ကြာသာပတေးနေ့ဖွားများစွာ ဆီက သည်တစ်နှစ်အတွက် ဟောကိန်းဆောင်းပါးကို အစဉ်အတိုင်းမဟုတ်ပဲ ကျော်ပြီးမြန်မြန်ရိုက်ပေးကြဖို့ တောင်းဆိုလာနေကြခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အများစုဆန္ဒအတိုင်း သည်ဆောင်းပါးလေးကို တနင်္လာနေ့ဖွားအတွက် မရေးရသေးမီမှာပဲ … ရေးသားတင်ပြပေးလိုက်ရပါတယ်။
ကြာသာပတေးနေ့ဖွားများ အတွက် ၁၃၇၇ခုနှစ်ခုနှစ် ကံဇာတာ
=========================================
သည်တစ်နှစ်မှာတော့ ကြာသာပတေးနေ့ဖွားများ အဖို့ ပြုပြင်ပြောင်းလဲရေး ကာလကို ရောက်ရှိလာပါပြီ။ အခြေခံအကျဆုံးအဖြစ် ..မိမိရဲ့ တွေးပုံမြင်ပုံ …ကအစ၊ လူပုံစံ ၊ ဆံပင်ပုံစံ၊ နေပုံထိုင်ပုံ စသည်ဖြင့် အလျဉ်းသင့်ရာတို့ကို ပြုပြင်ပြောင်းလဲရမယ့် အခြေအနေတွေ ဆိုက်ရောက်လာတတ်ချိန်ပါ။
ပြုပြင်ပြောင်းလဲမှုသဘောတရားဟာ အင်မတန်အရေးကြီးပါတယ်။ သဘာဝတရားနဲ့ လိုက်လျောညီထွေ ပြောင်းလဲပြုပြင်နိုင်ခြင်းဟာ …သက်တမ်းကို ရှည်စေနိုင်သလို…ကျရှုံးမှုတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့ အဓိကအချက်တစ်ရပ်လို့ ဆိုရပါမယ်။ ဒိုင်နိုဆောလို အင်မတန်အင်အားကြီးမားသည့် သတ္တ၀ါမျိုးတွေသော်မှ…သဘာဝတရားနဲ့လျော်ညီစွာ ပြုပြင်ပြောင်းလဲနိုင်မှု မရှိတာကြောင့် ..ဒီကနေ့ခေတ်မှာ မမြင်ရတော့ပါဘူး။ မျိုးတုံးပျောက်ကွယ်ခဲ့ပါပြီ။
ကျွန်တော်တို့လူသားတွေမှာလည်းပဲ … အချိန်အခါအလိုက်..ထိုက်သင့်စွာ ပြုပြင်ပြောင်းလဲပေးနိုင်ဖို့ အမှန်တစ်ကယ်လိုအပ်လှပါတယ်။ ဒီနေရာလေးမှာ ဒီလိုလေး လုပ်နေကြဖြစ်ပေမယ့် အဆင်မပြေတော့ဘူးဆိုတဲ့အခါမှာတော့ …နောက်ထပ် ဘယ်လိုပြုပြင်ပြောင်းလဲ ပေးရတော့မလဲ ဆိုတာကို မုချ တွေးတောပြီး ပြောင်းလဲနိုင်အောင် ကြိုးစားရပါတော့မှာပါ။ ဒါကိုမသိကျိုးကျွံပြုပြီး ဇွတ်အတင်း အပြောင်းအလဲတွေကို ငြင်းဆန်ဖို့ ကြိုးစားကြည့်တဲ့အခါ …အကျိုးပျက်ဆီးခြင်းသာ ကြုံရပါတော့တယ်။
ဒါကြောင့် …ကြာသာပတေးနေ့ဖွားတွေအဖို့ …
သည်တစ်နှစ်အတွင်းဖြတ်သန်းနေစဉ်မှာ…
(က) ကျရောက်လာသော ပြောင်းလဲရန် အခြေအနေများကို သတိဖြင့် စောင့်ကြည့်ပါ။
(ခ) ဥာဏ်ကိုသုံးပါ။ မိမိအခြေအနေကို လှေနံဓါးထစ်ထားပြီး မဆုံးဖြတ်ပါနဲ့။ အရာအားလုံးသည် သည်တစ်နှစ်အတွင်းမှာ ဘာမဆို ပြောင်းလဲသွားနိုင်တယ်ဆိုတာ …သတိကပ်ပါ။
(ဂ) သင့်ရဲ့ ရပ်တည်မှုကို …သင်ပြန် ဆန်းစစ်ပါ။ သင့်တွေးခေါ်မှု လမ်းကြောင်းတွေကိုလည်း ..ပုံစံပြောင်း တွေးခေါ်ကြည့်ပါလေဦး။ သင်က အဖြူရောင် ဖြစ်နေပါစေဦး …သည်တစ်နှစ်မှာတော့ အမဲရောင်ဆိုတာရဲ့ အကြောင်းကိုလည်း သင်သိနားလည်နိုင်ဖို့ ကြိုးစားရပါတော့မယ်။
ဆန့်ကျင်ဘက်အခြေအနေတွေကို တွေးတောပုံဖော်နားလည်ထားပြီး….ဖြစ်ပေါ်လာတဲ့အခြေအနေအရပ်ရပ်ပေါ်မှာ …လိုက်လျောညီထွေ ပြောင်းလဲရပ်တည်နိုင်အောင် အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်နေဖို့ အင်မတန်အရေးကြီးလှတဲ့နှစ်ပါပဲ။
ဒီအချက်ကို နားမလည်နိုင်သူများအဖို့ကတော့ တစ်နှစ်လုံးလိုလို မိမိကိုယ်မိမိ စိတ်တိုင်းမကျ ဖြစ်ရခြင်း၊ ကိုယ့်ကိုယ်ကို ပင် ဒေါသထွက်နေမိတတ်ခြင်းများ ကြုံနေကြရပါလိမ့်မယ်။
ကောင်းပြီ။ ….ကျန်တဲ့အချက်တွေကိုတော့ …အခန်းကဏ္ဍ နဲနဲဆီ ခွဲပြီး တင်ပြသွားပါမယ်။
(၁) စီးပွားရေး
========
ဒီတစ်နှစ် မိမိတို့ ရှာဖွေနေသမျှ အကျိုးစီးပွား ကဏ္ဍတွေမှာ စိတ်နှစ်ခွ ဖြစ်စရာတွေ၊ မပြတ်မသား ချီတုံချတုံ ဖြစ်စရာတွေ၊ လမ်းနှစ်သွယ် ရွေးခြယ်ရခက်စရာတွေ၊ ဒွိဟ ဖြစ်စရာတွေ အရမ်းများပြားတတ်ပါတယ်။ ရမလို မရမလို …ကိစ္စတွေလည်း အများအပြားကြုံပါမယ်။ ဘာပဲဖြစ်ဖြစ် သည်တစ်နှစ်သည် စီးပွားရေးမှာ အနဲငယ် အားပျော့သွားစေတတ်သော နှစ်မျိုးလို့ ဆိုနိုင်ပါတယ်။ ခါတိုင်းလို ထက်ထက်သန်သန် မရှိလှပဲ … (အရောင်းအ၀ယ်စကားနဲ့ပြောရရင်တော့..) အရောင်းအ၀ယ် အေးသွားတတ်တဲ့ကာလပါ။ ကုန်သိုလှောင်မှု လုပ်ငန်းလုပ်ကိုင်သူတွေမှာတော့ ….အကျိုးအတန်အသင့်ရနိုင်ချိန် ဖြစ်ပြီး…၊ ဟော်တယ်နဲ့ခရီးသွားလာရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်သူများအဖို့ …စီးပွားရေး မဆိုးလှတဲ့ကာလလို့ သတ်မှတ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် …မိမိတို့ စီးပွားရေးနဲ့ အသက်မွေးမှုအ၀၀ အတွက် ယတြာပြုလိုသူများအနေနဲ့တော့ ….အနဲဆုံး တစ်ပတ်တစ်ခါ မျှ ဆိုသလို….၊ ကြာသာပတေးနေ့တိုင်းမှာ …ဘုရားစေတီပုထိုးများရှိ တနင်္လာထောင့်တွင် သောကြာနံ အရွက်အညွန့် တို့ကို (၂၁ညွန့်) ကပ်လှုပူဇော်ပြီး…ရေသပ္ပါယ်ခြင်းအားဖြင့် …စီးပွားရေးကောင်းမွန်စေဖို့ ဆုမွန်ကောင်း တောင်းယူနိုင်ကြပါမယ်။ သိသာတိုးတက်နိုင်ပါတယ်။ ပုံမှန် တစ်ပတ်တစ်ခါ နှစ်လ သုံးလခန့် လုပ်ကြည့်ပြီး…မှတ်တမ်းတင်ထားကြည့်သင့်ပါတယ်။
(၂) လူမှုရေး
=======
အနဲငယ် အရှုပ်အထွေးရှိတတ်တဲ့ကာလဖြစ်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့တွေမှာ ပိုမိုပြီး အခြေအတင်ကိစ္စလေးတွေ ရှိလာတတ်ပါတယ်။ သူတစ်ပါးကိစ္စတွေကို အလွယ်တစ်ကူ ၀င်ရောက်အာမခံမိခြင်းမျိုးတွေ ဟာ …ပြဿနာရဲ့ မူလဇစ်မြစ်တွေ ဖြစ်နေတတ်တာမို့ သတိပြုရပါမယ်။ အထက်တန်းလွှာအသိုင်းအ၀ိုင်း နဲ့ ပိုမိုနီးစပ်လွယ်သော ကာလဖြစ်ပြီး..၊ လူမှုရေးရာ ကျယ်ပြန့်မှုတော့ ရှိလာနိုင်တဲ့ကာလဖြစ်ပါတယ်။
(၃) အချစ်ရေး
========
ကံကောင်းစေနိုင်သော နှစ် မုချဖြစ်ပါတယ်။ အများစုသော ကြာသာပတေးနေ့ဖွားတွေအဖို့ …အချစ်ရေးဆန္ဒတွေ ပြည့်ဝပြီး ….သုခဖြစ်စရာကြုံရတတ်သော နှစ်မျိုးပါပဲ။ ချွင်းချက်အနေနဲ့ကတော့ နာမည်အဖျားစာလုံး ( နာမည်တစ်ခုရဲ့ အဆုံးစာလုံးကို) စနေနံ (တ၊ထ၊ဓ၊ဒ၊န) နဲ့ မှည့်ခေါ်ခဲ့ရင်သာ (ဥပမာအားဖြင့် မျိုးထွန်း၊ မြင့်မြင့်နွယ်၊ မိုးမခနိုင်၊ စသည်) …မေတ္တာရေး မှာ ထင်သလိုကံမကောင်းပဲ ….ခုတ်ရာတစ်ခြား ၊ ရှရာတစ်လွဲ ဖြစ်ရပြီး နောင်တရစရာအချို့ကြုံရတတ်ပါတယ်။
နာမည်အဖျားစာလုံး ကို အင်္ဂါနံ ( စ၊ဆ၊ဇ၊ဈ၊ည) နဲ့ မှည့်ခေါ်ထားသူများ အတွက်ကတော့(ဥပမာအားဖြင့် … မြင့်မြင့်စိုး၊ နွယ်နီဇော်၊ မင်းကိုကိုဇင်၊ သင်းသင်းဆွေ..စသည်ဖြင့် မှည့်ခေါ်ထားသူများ အတွက်ကတော့) …အခြားသော ကြာသာပတေးနေ့ဖွားများစွာထက် အချစ်ရေးမှာသာ မက…ကဏ္ဍတော်တော်များများမှာ …Happy Lucky Year သဖွယ် ဖြစ်နေမယ့် ကာလပါပဲ။
ထူးဆန်းတာကလည်း ဒီတစ်နှစ် အချစ်ရေးမှာ ကံကောင်းစေလိုသူများ အဖို့ ….သေနတ်ပုံ သော့ချိတ် သို့မဟုတ် ဓါးပုံ သော့ချိတ် ကလေးဖြစ်စေ..(ဟုတ်ကဲ့ ..လက်ပစ်ဗုန်းလဲ ရပါတယ်။) ဆောင်ထားခြင်းဖြင့် ကံကောင်းစေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဘုရားမှာဆုတောင်းချင်ရင်တော့…တနင်္ဂနွေထောင့်မှာ …အင်္ဂါနံ အညွန့်အခက် တို့ကိုလှုဒါန်းပူဇော်ပြီး …ရေသပ္ပါယ်ပါ။ မေတ္တာသုတ်တော်ကို ဖြေးဖြေးမှန်မှန်နဲ့ အာရုံညွတ်ပြီး …၈ခေါက်တိတိရွတ်ဖတ်ပူဇော်ပါ။ ပြီးလျှင် အမျှသေချာပေးဝေ ခဲ့ပါ။
(၄) အိမ်ထောင်ရေး
=============
အများအားဖြင့် ..အိမ်ထောင်ရေး သာယာတတ်ချိန်ပါ။ အိမ်ဖော် အခိုင်းအစေ သို့မဟုတ် စနေနေ့ဖွားတစ်ဦးဦး မိမိနေအိမ်သို့ ရောက်ရှိလာရင်တော့ အိမ်တွင်းရေး အနဲငယ်အနှောက်အယှက် တွဲပါလာတတ်ပါတယ်။ တစ်ကယ်လို့ အလုပ်သမားတစ်ဦးဦးကို မိမိနေအိမ် အတွင်း လက်ခံတာမျိုးလုပ်တော့မယ်ဆိုရင်လည်း ..ဒီတစ်နှစ်အတွက်တော့ ဖြစ်နိုင်သမျှ ဆင်ခြင်ပါ။ လက်ခံတိုင်း ပြဿနာ ဖြစ်မှာ မဟုတ်သော်လည်းဘဲ..၊ လက်ခံမိလို့ ပြဿနာအပေါ်တတ်ဆုံး နှစ်မျိုးကို ပြပါဆိုရင်တော့ သည်လိုနှစ်မျိုးသာ မုချ ဖြစ်ပါတယ်။
ဒီတစ်နှစ်မှာ …နာမည်အဖျားစာလုံး အင်္ဂါသမား များ …ကံကောင်းခြင်း ၊ မေတ္တာရေး အဆင်ပြေနိုင်ခြင်းများ ရှိသော်လည်းပဲ…ခုမှစတင်ပြီး အိမ်ယာထူထောင် အိမ်ထောင်ပြုလိုသူများ၊ မင်္ဂလာအခမ်းအနား စတင်ကျင်းပလိုသူများ အတွက်တော့ အထူးသတိပေးလိုပါတယ်။ အဆိုပါနာမည်အဖျားစာလုံး အင်္ဂါသမား ကြာသာပတေးနေ့ဖွားများအနေနဲ့ …မင်္ဂလာအမှုများ ပြုရာမှာ သီရိဂြိုဟ်ထွင်းဖောက်ခြင်း ခံထားရချိန်ဖြစ်လို့…မင်္ဂလာအခမ်းအနားတိုင်းမှာ …အနှောက်အယှက် အဖျက်မကင်းချိန်လို့ သတိပြုကြပါ။
သတို့သမီးပျောက်သွားလို့…သတို့သားမရောက်လာလို့…စသည်ဖြင့် အများဆုံး ကြုံရတတ်သော ကံမျိုး ကို အထပ်ထပ် သုတေသနပြုတွေ့ရှိရတာကြောင့် ….ဒီတစ်နှစ်တော့ ဖြစ်နိုင်သမျှ သီးခံစောင့်ဆိုင်းကြပါလေဦး။
ကဲ…မအောင့်နိုင်ဘူးဆရာရယ် ဆိုသူများကတော့ …..ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့မယ်ဆိုရင် …ဘုန်းတော်ကြီးကျောင်းမှာ အရင်ဆုံး …မင်္ဂလာဆွမ်းကျွေးပါ။ တနင်္ဂနွေနေ့ တစ်နေ့နေ့မှာ …ဘိုးဘွားရိပ်သာမှာ ဆေးဝါးလှုဒါန်းမှု အရင်ဆုံးပြုပါ။ ပြီးမှသာ….ဆီဒိုးနားပဲ တက်တက် ၊ စင်္ကာပူ ထိပဲ တက်ပြီး မင်္ဂလာဆောင်ဆောင် ….ကြိုက်တာသာ လုပ်ကြပေတော့ဗျာတို့..။
နေဦး….ဘိုးဘွားရိပ်သာမှာ ဆေးဝါးလှုဒါန်းမှုပြုသည့်အခါမှာ………
မိမိတို့၏ အိမ်ထောင်ဦးတွင် ….
သက်တမ်းရှည်စွာနေထိုင်နေရသော အဆိုပါ ပုဂ္ဂိုလ်များ …(၀ါ) သက်ကြီးရွယ်အိုများ အား…
သက်တမ်းရှည်စေသော…အသက်ဇီဝ ဆိုင်ရာ ဤဆေးဝါးတို့ကို ကုသိုလ်ပြု ရသည့်အကျိုးအားကြောင့်…
မိမိတို့ …၏ အိမ်ထောင်ရေး သည် လည်း သာယာချမ်းမြေ့ ကြံ့ခိုင်စွာဖြင့် သက်တမ်းရှည်နိုင်ပါစေသတည်း ။
အဲဒီ့လို ဆန္ဒပြုပြီး လှုဗျ ။
မောပါ့….ရှင်းရချက်..။
(၅) ကျန်းမာရေး
=========
မကြာခဏ လေဆန်တတ်ပါတယ်။ လေကြောင့် ခန္ဓာအိမ်ကို ဥပါဒ်ပေးတတ်သောကာလပါ။ မသန့်ရှင်းသော လက်တည်ချဉ်များနဲ့ … လမ်းဘေးအစားအစာအချို့ကြောင့်သော်လည်းကောင်း …၊ အပုပ်စာ အချဉ်တည်ထားသော အစားအစာများကြောင့်သော်လည်းကောင်း …ကျန်းမာရေး အနဲငယ်ထိခိုက်တတ်ချိန်ပါ။
ကျန်းမာရေး တစ်ခုခု အားနဲလာပြီဆိုတာနဲ့ ..ဆေးခန်းကို တစ်ကြိမ်သွားလို့ မပြီးတတ်သော ကာလဖြစ်ပါတယ်။ မပြီးနိုင်မစီးနိုင်….တစ်ကျော့ပြီးတစ်ကျော့သွားရောက်ကုသနေရတတ်သော ကံအင်အား သက်ရောက်နေချိန်မို့..အားနဲချက် မရှိအောင် တင်ကြိုဂရုစိုက် ထားခြင်းဖြင့် …..ကာကွယ်ကြပါ။
(၆) ပညာရေး
=========
ပညာရေး အပြောင်းအလဲများ ကြုံရတတ်ချိန်ပါ။ သို့သော် ..မိမိတို့ ရည်ရွယ်ထားသော ကျောင်းများ၊ သင်တန်းများ တက်ရောက်သင်ကြားခွင့် ကို မျှော်မှန်းနိုင်ကြချိန်ပါ။ ယျေဘုယျအားဖြင့် ပညာရေး မှာ သင့်အဆင့် အဖြစ် သတ်မှတ်နိုင်ပါတယ်။
အထွေထွေ
========
ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် …ဒီတစ်နှစ်မှာ ကြာသာပတေးနေ့ဖွားများစွာအတွက် အပြောင်းအလဲများ ကျရောက်လာတတ်ချိန်ဖြစ်ပြီး ..အထူးသဖြင့် နေရာဌာန အပြောင်းအလဲသည်လည်း ဒီကံထဲမှာ ရောထွေးပါဝင်လာပါတယ်။ အနေအထားပြောင်းလဲခြင်း၊ ၀န်ထမ်းများ ရာထူး သို့မဟုတ်တာဝန်ယူလုပ်ကိုင်ရသည့် ဌာနပြောင်းလဲခြင်းများ …အများအပြားကြုံရတတ်ချိန်ဖြစ်ပါတယ်။
ဒီတစ်နှစ်ထဲမှာ ကြာသာပတေးနေ့ဖွားတွေအဖို့…သူတစ်ပါးအတွက် အာမခံပေးမိခြင်း၊ သူတစ်ပါးကိစ္စ ၀င်ရောက်ဆောင်ရွက်ပေးမိခြင်းမျိုးကနေ တစ်ဆင့်… ဆွေမျိုးစုရဲ့ အပြစ်တင်မှု ၊ ရန်လိုမှုကို ခံရတတ်ပါတယ်။ အတိတ်ကာလတုန်းက …မိမိတို့ပြုခဲ့ဖူးသော ကောင်းမှုကံစေတနာတို့ ၏ အကျိုးဆက်အားဖြင့် …ကောင်းကျိုးအချို့ကိုတော့ ရရှိတတ်ချိန်ကာလဖြစ်ပါတယ်။ အထူးသဖြင့် ..ဒီကံသည် ရပ်ဝေးမြေခြားနဲ့ ဆက်နွယ်ပြီး ပေါ်ပေါက်လာတတ်ပါတယ်။
အကောင်းဆုံးအားသာချက်ကတော့ …အင်္ဂါဂြိုဟ်(ဆပွတ်ဂြိုဟ်) ဖြစ်ပါတယ်။ ဒီအချက်လေးကြောင့်ကိုပဲ ကြာသာပတေးနေ့ဖွားများအဖို့….သည်တစ်နှစ်မှာ…ချစ်၍ခင်၍ ကူညီမစမှုများ ခံစားရတတ်ခြင်း ကံကို လက်ခံရရှိကြပါလိမ့်မယ်။ အနာဂတ်ရည်မှန်းချက်တွေကို သူတို့တွေရဲ့အကူအညီနဲ့ပဲ ပိုမိုအကောင်အထည်ဖော်ခွင့်ရရှိပြီး တိုးတက်မြင့်မားခွင့် ရရှိနိုင်ချိန် ဖြစ်ပါတယ်။
မတော်တစ်ဆများ သည်ကံလေးနဲ့ အလှမ်းဝေးနေကြမယ့် ကြာသာပတေးနေ့ဖွားများ အဖို့ကတော့ …….
အင်္ဂါထောင့်မှာ မေတ္တာသုတ်တော်ကို မကြာမကြာ သွားရောက်ရွတ်ဖတ်ပြီး….ဘိုးဘွားရိပ်သာ သို့မဟုတ် သက်ကြီးရွယ်အိုများကို ဆေးဝါးလှုဒါန်းခြင်းမျိုး ကို မဖြစ်မနေလုပ်ကြည့်ကြပါစို့။
သည်တစ်နှစ်အတွက် အရေးအကြီးဆုံး အချက်က ……….
ကိုယ်နှင့်မသက်ဆိုင်ဘဲ…ဘာမှ …၀င်မပါပါနဲ့။
ကိုယ်မပိုင်ဘဲနဲ့ အာမ မခံပါနဲ့။
အပြောင်းအလဲတိုင်းကို လက်ခံပြောင်းလဲနိုင်အောင် ကြိုးစားကြဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်းဖြင့် ………………………………………………………
ကြာသာပတေးသားသမီးအပေါင်း သူတော်ကောင်းတို့သည် …စိတ်၏ချမ်းသာခြင်း..ကိုယ်၏ချမ်းသာခြင်းဖြင့် ပြည့်ဝချမ်းသာ နိုင်ကြပါစေကုန်သတည်း..။
စာဖတ်သူအားလုံးကို လေးစားမြတ်နိုးစွာဖြင့်
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးခိုင်
www.mahabote.org
phone 09 31817287

တနင်္လာနေ့ဖွားတို့ ကံဇာတာ Ko Soekhaing

တနင်္လာနေ့ဖွားတို့ ကံဇာတာ (၁၃၇၇)
=========================
သည်တစ်နှစ်မှာ … စစ်သူကြီးအသွင် နဲ့ ..အားမာန်ပြည့် ရဲရင့်နေသော …နေ့နံတစ်ခုကိုပြပါဆိုရင် ..တနင်္လာနေ့မှာဖွားမြင်သော သူများကိုသာ လက်ညှိးညွန်ပြရပါလိမ့်မယ်။
တနင်္လာနေ့ဖွားများ အတွက် ၁၃၇၇ခုနှစ်ခုနှစ် ကံဇာတာ
====================================
သည်တစ်နှစ်မှာတော့ တနင်္လာနေ့ဖွားများ အားလုံးဟာ …အဓိပတိဌာနမှာ ရပ်တည်ရသော ကာလဖြစ်ပါတယ်။ အဓိပတိဌာနဟူသည်မှာ … စစ်မြေပြင်နဲ့ အလားသဏ္ဍန်တူတာကြောင့်….တနင်္လာနေ့ဖွားများအားလုံးသည် တစ်ကယ့်ကိုပဲ ဘ၀ရဲ့ Battle Field ထဲမှာ ရောက်ရှိနေသော ကာလကို ဖြတ်သန်းနေရချိန်ပါပဲ။
ဒါကြောင့်လည်း ..အလွန်ပျင်းရိတတ်သော၊ သို့တည်းမဟုတ် အလွန်အေးဆေးစွာနေထိုင်တတ်သော တနင်္လာနေ့ဖွားများသော်မှ…ဒီတစ်နှစ်အတွင်းမှာ...စိတ်အားတက်ကြွလာနေခြင်း၊ ရဲစိတ်ရဲမာန်များ ၀င်လာနေခြင်း၊ ရှိနေကြတာပဲ ဖြစ်ပါတယ်။ ပညာမပြည့်ဝသော …အသိဥာဏ်နှင့်ဆင်ခြင်တုံတရား အားနဲသော တနင်္လာနေ့ဖွားအချို့အတွက်တော့ ဒီအခြေအနေဟာ…မိုက်ရူးရဲလုပ်ဆောင်လိုသော စိတ်ကို ဖြစ်လာစေနိုင်ပါတယ်။
သူတစ်ပါးကို ထိုးနှက်တိုက်ခိုက်ဖို့အတွက်ပဲ ဖြစ်စေ၊ သူတစ်ပါးကို ယှဉ်ပြိုင်အနိုင်ကျဲဖို့အတွက်ပဲ ဖြစ်စေ…လွယ်လင့်တစ်ကူ ..စိတ်ခွန်အားရရှိလာစေတတ်သော ဒီလိုနှစ်မျိုးမှာ…အခြားသူတွေအပေါ် အနိုင်အထက် မပြုမိဖို့ ဂရုပြုရမယ့်ကာလဖြစ်ပါတယ်။ ပြုခဲ့မိရင်တော့ ..ရှေ့လာမယ့် (၁၃၇၈ခုနှစ်ဟာ..) အတိအကျ ၀ဋ်လည်တတ်သော ကာလပဲ ဖြစ်ပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ်…မိမိထံရောက်ရှိလာနေသော တိုက်ပွဲဝင်နိုင်သည့် စွမ်းအားစုတွေကို …မိမိတို့ တိုးတက်အောင်မြင်ရေး အတွက် အကျိုးရှိစွာ အသုံးချနိုင်ဖို့ လိုအပ်သော အချိန်ကို ကျရောက်နေပါပြီ။
ဒါကြောင့် …တနင်္လာနေ့ဖွားတွေအဖို့ …
သည်တစ်နှစ်အတွင်းဖြတ်သန်းနေစဉ်မှာ…
(က) မိမိ စွမ်းရည်ကို အသုံးပြုနိုင်အောင် ကြိုးစားပါ။ လူပေါင်းများစွာက ..သင့်ကို ..ရှေ့တန်းတင်နေရာပေးပြီး ..ခေါင်းဆောင်မှု ပြုစေလိုနေကြောင်း …အသေအချာကို ပဲ သတိပြုမိဖို့ လိုအပ်နေပါပြီ။
(ခ) သင်ဟာ သည်တစ်နှစ်အဖို့တော့ စစ်သူကြီးပဲ ဖြစ်ပါလိမ့်မယ်။ သင့်ရဲ့စွမ်းဆောင်မှုတွေဟာ ခါတိုင်းနဲ့မတူပဲ လက်တွေ့အကောင်အထည်ပေါ်ပေါက်လာဖို့ အလွန်မြန်ဆန်နေပါပြီ။ သင်သွားရင် လမ်းဖြစ်လာပါလိမ့်မယ်။
(ဂ) အတိတ်ကာလက သင့်ရဲ့ အောင်မြင်မှုအချို့ကို မေ့သင့်ရင် မေ့ထားပြီး၊ လက်တွေ့ဆန်တဲ့ အလုပ်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်သွားပါ။ အတိတ်က စိတ်အနာတရတွေ ရှိခဲ့ရင်သော်မှ…မျက်မှောက်ဘ၀ အချိန်ကာလကို တန်ဖိုးထားပြီး အနာဂတ်ဆီကို မျှော်ကြည့်သင့်ပါပြီ။
ကောင်းပြီ။ ….ကျန်တဲ့အချက်တွေကိုတော့ …အခန်းကဏ္ဍ နဲနဲဆီ ခွဲပြီး တင်ပြသွားပါမယ်။
(၁) စီးပွားရေး
========
ဒီတစ်နှစ် မိမိတို့ ရှာဖွေနေသမျှ အကျိုးစီးပွား ကဏ္ဍတွေမှာ လုပ်ပိုင်ခွင့်တွေ၊ မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်လာနိုင်ခြင်းတွေ ..ရှိနေပါပြီ။ step by step ..ဘာပြီးရင် ဘာလုပ်မယ်ဆိုတာ တိကျသေချာစွာ တွက်ထားပါ။ သေချာတဲ့ အတွက်အချက်တွေနဲ့ ရဲရင့်တဲ့ စွန်စားလုပ်ကိုင်မှုများကနေ အကျိုးစီးပွားကို ရရှိနိုင်သော အချိန်ဖြစ်ပါတယ်။ သေချာတာတစ်ခုကလည်း ဒီနှစ်မျိုးဟာ တနင်္လာနေ့ဖွားတွေကို အရေးပါသော စွန့်စားလုပ်ကိုင်ရမှုတွေ ပေါ်ပေါက်လာစေတတ်ပါတယ်။
နာမည်အဖျားစာလုံးကို ( စနေနံ ဖြစ်သော ..တ၊ထ၊ဓ၊ဒ၊န …နဲ့ ..ဥပမာ၊ အောင်နိုင်ထွန်း၊ ချမ်းငြိမ်းထွန်း ၊ လင်းဝေနိုင်၊ မေနွယ်နီ ..စသည်ဖြင့်) မှည့်ခေါ်ထားသော တနင်္လာနေ့ဖွားများကလွဲပြီး….ကျန်တနင်္လာနေ့ဖွားများအဖို့…စွန့်စားလုပ်ကိုင် အောင်မြင်နိုင်သော အချိန်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် ……တနင်္လာနေ့ဖွားလည်း ဖြစ်ပြီး နာမည်အဖျားစာလုံးကို ( စ၊ဆ၊ဇ၊ဈ၊ည နဲ့… ဥပမာ..၊ ချမ်းမြေ့ဇင်၊ ချစ်ဦးဇော်၊ ကိုကိုဆွေ၊ မေသူစိုး..စသည်ဖြင့်) မှည့်ခေါ်ထားမယ်ဆိုရင်တော့…ဒီတစ်နှစ်သည် မုချနီးနီးကိုပဲ …စွန့်စားမှုနဲ့အောင်မြင်မှု ဒွန်တွဲ ကြုံတွေ့ကြရမယ့် ကာလ ဖြစ်ပါလိမ့်မယ်။

(၂) လူမှုရေး
=======
အကြီးအကဲများနဲ့ အနဲငယ် အတိုက်အခံ ဖြစ်ပွားရတတ်ချိန်ပါ။ ထို့နည်းတူစွာ…အတူနေအုပ်စုတွေ၊ အချင်းချင်းတွေနဲ့လည်း အပြိုင်အဆိုင်ကိစ္စလေးတွေ မကင်းတတ်ချိန် ဖြစ်ပါတယ်။ အလွန်ငြိမ်းချမ်းစွာနေတတ်သူ ဖြစ်နေသော်မှ….ပြိုင်ဆိုင်မှုလေးတွေကတော့ ကြုံလာတတ်ချိန်ပါ။ စကားပြောဆို ဆွေးနွေးရင်းကနေ အဆင်မသင့်ရင် …အကျိတ်အနယ် အပြိုင်ပြောဆိုရတာလေးတွေ ကြုံလာရတတ်ပါတယ်။
(၃) အချစ်ရေး
========
အချစ်ရေးကံ ကောင်းစေတတ်သော နှစ်ဖြစ်ပါတယ်။ သည်တစ်နှစ်တော့ မဆိုးဘူးဟ လို့ သိသာလောက်သည်အထိ ကောင်းစေမယ့်အပြင် ၊ အဆင်မသင့်ရင်..စပါယ်ရာပတ်အချစ်သစ်ကလေးတောင် တိုးလာနိုင်တာမို့…ချစ်သူရှိပြီးသူများအဖို့တော့ ..မြှားနတ်မောင်ကို ..ကွေ့ပတ်ရှောင်ပုန်းရမယ့် ကာလပါ။ အထူးသဖြင့် .. တနင်္လာနေ့ဖွားလည်း ဖြစ်ပြီး နာမည်အဖျားစာလုံးကို ( စ၊ဆ၊ဇ၊ဈ၊ည နဲ့… ဥပမာ..၊ ချမ်းမြေ့ဇင်၊ ချစ်ဦးဇော်၊ ကိုကိုဆွေ၊ မေသူစိုး..စသည်ဖြင့်) မှည့်ခေါ်ထားမယ်ဆိုရင်တော့ မေတ္တာရေးမှာ…အနှောက်အယှက် ရှိနိုင်သော ကာလဖြစ်ပါတယ်။
အချစ်ရေး ကံ ကောင်းသော်လည်းပဲ ..လူကြီးမိဘများ အသိမှတ်ပြုဖို့ကတော့ ဒီတစ်နှစ်မှာ ခက်ခဲနေတတ်ပါတယ်။
(၄) အိမ်ထောင်ရေး
===========
အများအားဖြင့် ..အိမ်ထောင်ရေး သာယာတတ်ချိန်ပါ။ အသာယာလွန်သွားပြီး …နောက်တစ်ယောက်ထပ်ဝင်လာမှာသာ စိုးရိမ်ရပါတယ်။ ဆိုခဲ့သည့်အတိုင်း တနင်္လာနေ့ဖွားလည်း ဖြစ်ပြီး နာမည်အဖျားစာလုံးကို ( စ၊ဆ၊ဇ၊ဈ၊ည နဲ့… ဥပမာ..၊ ချမ်းမြေ့ဇင်၊ ချစ်ဦးဇော်၊ ကိုကိုဆွေ၊ မေသူစိုး..စသည်ဖြင့်) မှည့်ခေါ်ထားမယ်ဆိုရင်တော့ .. အချစ်သစ်တိုးမလာအောင် …သတိပြုမိဖို့ အထူးလိုအပ်ပါတယ်။ တိုးလာတဲ့အချစ်သစ်ဟာလည်း ခွာထုတ်မရတော့ဘဲ ..အမြစ်တွယ်သွားနိုင်လို့ပါပဲ။
(၅) ကျန်းမာရေး
=========
နှလုံး ၊ ဦးခေါင်း ပိုင်းနဲ့ …အရိုးအဆစ်တို့ကို ဥပါဒ်ပေးလွယ်သော ကာလဖြစ်ပါတယ်။ ဒီအချက်သည် အရေးပါပါတယ်။ ကျန်းမာရေးညံ့မယ်လို့ မယူဆနိုင်သော်လည်းပဲ ..၊ ညံ့လာပြီဆိုရင်တော့ အထက်ပါ အစိတ်အပိုင်းများနဲ့ နှီးနွယ်ဆက်စပ်နေတတ်ပါတယ်။ ထို့နည်းတူစွာပဲ အစာမှား ၊ ဆေးမှား ခြင်းများကို ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ လူငယ်လူရွယ်ပိုင်းတွေမှာ တားမြစ်ဆေးဝါးများကြောင့် ကျန်းမာရေး ဥပါဒ်ဖြစ်စေနိုင်သလို..၊ လူကြီးပိုင်းတွေမှာတော့ ဒိတ်လွန်ဆေးဝါးများ သုံးစွဲမိခြင်းနဲ့ ဆေးမှားခြင်း၊ ဆေးဝါး အလွန်အကျွံဖြစ်ခြင်းများကို ဂရုပြုဖို့ လိုအပ်သော ကာလဖြစ်ပါတယ်။
(၆) ပညာရေး
=========
သင်ယူနိုင်စွမ်း အပြည့်အ၀ တောက်ပနေချိန်ဖြစ်ပါတယ်။ ဘာပဲသင်သင် တတ်လွယ် သင်လွယ်သော ကာလဖို့ ..ပညာရေးဘက်ကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ကပ်သီးကပ်သပ် ဆိုးတတ်တာလေးတစ်ခုကတော့ သင်တန်းတွေ ၊ ကျောင်းတွေ ဘယ်လိုပဲတက်ရောက်သင်ယူရပေမယ့်….အဆုံးသတ်၊ အောင်လက်မှတ်တွေ၊ ဘွဲ့တွေ၊ ဆုတံဆိပ်တွေ လက်ခံခါနီးမှာတော့ အထစ်အငေါ့များ ကြုံရတတ်ပါတယ်။ ဒီကံလေးကိုတော့ သတိပြုရပါလိမ့်မယ်။
အထွေထွေ
========
ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် …ဒီတစ်နှစ်မှာ တနင်္လာနေ့ဖွား တွေ အဖို့ ကံအားသာချက် ရှိချိန်လို့ ဆိုနိုင်ပါတယ်။ နာမည်အဖျားစာလုံးကို တနင်္ဂနွေနံ နဲ့ အဆုံးသတ်မှည့်ခေါ်ထားသူများ ( ၀င်းအောင်၊ သွယ်သွယ်အေး၊ ခင်မာလာအောင်..စသည်) မှလွဲပြီး ကျန်တနင်္လာနေ့ဖွားများအားလုံးအဖို့ ကံအင်အား ချောမွေ့ ကောင်းမွန်နိုင်ပါတယ်။ နာမည်အဖျားစာလုံး တနင်္ဂနွေ သမားတွေကတော့ …ကိုယ်က အားသုံးပြီး ရှေ့ကိုနှစ်လှမ်း လှမ်းလိုက်ရင်သော်မှ..တစ်လှမ်းစာလောက်တော့ နောက်ပြန်ဆုတ်နေရတတ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အကျိုးစီးပွား ရှာလွယ်ဖွေလွယ် ရရှိတတ်ကြချိန်ပါ။ သေချာသာ ပန်းတိုင်သတ်မှတ်၊ တစ်ဆင့်ပြီးတစ်ဆင့် မြန်မြန်နဲ့လက်တွေ့အကောင်အထည်ဖော်သွားနိုင်စွမ်းသာ ရှိမယ်ဆိုရင် ဒီတစ်နှစ် တိုးတက်မှု အများကြီးရသွားနိုင်ပါတယ်။
ဒီတစ်နှစ်မှာ တနင်္လာနေ့ဖွားတိုင်း မိမိတို့ပင်ကိုယ်အရည်အသွေးများ ပိုမို တောက်ပစူးရှလာချိန်ဖြစ်တာကြောင့် ..ဒါကို သတိမူပြီး…အကျိုးရှိအောင် အစွမ်းအစထုတ် လုပ်ကိုင်သွားနိုင်ဖို့ အထူးလိုအပ်လှပါတယ်။ အတိုက်အခံရန် အပြိုင်အဆိုင်များတတ်သော ကာလလည်းဖြစ်တာကြောင့် …ကိုယ့်ဘက်က လက်နက်ကို ထက်မြိနေအောင် …သွေးထားနိုင်ဖို့လည်းလိုပါတယ်။
အထူးသဖြင့် တနင်္လာနေ့ဖွား အမျိုးသမီးတွေ …ဆိုင်ရာလုပ်ငန်းခွင်နယ်ပယ်များမှာ ပိုမိုတိုးတက်မှု ရရှိလာနိုင်ချိန်ပါ။
အခြားသော ထူးခြားကံဇာတာအချို့ကတော့…သည်တစ်နှစ်မှာ ….တနင်္လာသားသမီးတွေ ရတနာပစ္စည်းများ အပျောက်အရှများတတ်ကြပါတယ်။ ရတနာဆိုရာမှာလည်း …လက်ဝတ်ရတနာများသာမ…မိမိဘ၀အတွက် အရေးပါပြီး အလေးအနက်ထားရသော တန်ဖိုးထားရသော အချင်းအရာများကို ဆိုလိုပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းက ၀န်ထမ်းတစ်ဦးအတွက် …ဥပမာအားဖြင့် သူကိုင်တွယ်ရတဲ့ လက်နက်ဟာ သူ့ရဲ့ ရတနာပါ။ အရေးပါပြီး ..သူတန်ဖိုးထားရတဲ့ ပစ္စည်းပါ။
ထိုသို့ဥပမာနည်းတူ…တနင်္လာနေ့ဖွားတိုင်းအဖို့ သည်တစ်နှစ်မှာ မိမိတို့တန်ဖိုးထားရသော အချင်းအရာများကို ဆုံးရှုံးလွယ်ခြင်း၊ ပျောက်ရှတတ်ခြင်း၊ သို့တည်းမဟုတ် အဝေးသို့ခွဲခွာနေရခြင်းမျိုးတွေ …ပေါ်ပေါက်လာတတ်ပါတယ်။
တနင်္လာနေ့ဖွားလည်းဖြစ်မယ် …ဆရာဝန် သမားတော် စသည်ဖြင့်လည်း ဖြစ်မယ်ဆိုရင်တော့ ဆေးဝါးများကို အထူးသတိပြုကိုင်တွယ် အသုံးပြုသင့်ချိန်ပါ။ ဒါကို အင်မတန်သတိပြုကြဖို့ လိုအပ်ပါတယ်။
ဒီတစ်နှစ်မှာ တနင်္လာနေ့ဖွားတွေ ကံအားကောင်းချိန်ပါ။ သို့သော်……မင်းအစိုးရများနဲ့ မငြိစွန်းအောင် နေပါ။ ငြိစွန်းရင် မင်းပြစ်မင်းဒဏ်သင့်ရန် လွယ်ကူသောကာလဖြစ်ပါတယ်။ ထို့အတူ..မင်းအစိုးရတို့နဲ့ သက်ဆိုင်သော …ခွင့်ပြုချက်ဆိုင်ရာကိစ္စများ၊ လိုင်စာ၊ ပါမစ်၊ ဗီဇာ၊ ပါတ်စ်ပို့၊မှတ်ပုံတင် စသည်ဖြင့် ….ကဏ္ဍများမှာ …အခက်အခဲ ကြုံရတတ်သော ကံရှိကြောင်း သတိပြုကြပါ။ လက်မှတ်ကလေးတစ်ခု ထိုးတာက အစ ….သတိထားနိုင်မှ တော်ရုံကြမယ့် အချိန်ပါပဲ။
ကောင်းပြီ အနှစ်ချုပ်ကြပါစို့..။
သည်တစ်နှစ်အတွက် အရေးအကြီးဆုံး အချက်က ……….
မိမိအရည်အသွေးကို ပေါ်လွင်အောင် လုပ်ပါ။ လက်တွေ့အသုံးချပါ။
ရင်းနှီးမြုပ်နှံမှု ပိုင်းဆိုင်ရာကဏ္ဍများကို ဂရုပြုပါ။ သည်တစ်နှစ် တိကျသော သတင်းထောက်လှမ်းစုံစမ်းမှုများနဲ့ ပိုင်နိုင်သေချာသော အတွက်အချက်များ ရှိဖို့ အထူးလိုအပ်လှပါတယ်။ ………………………………………………………
ကဲ ..ဒီလောက်ဆိုရင်တော့….တနင်္လာသားသမီးများအဖို့ …ကျေနပ်နိုင်လောက်ပါပြီ။
တနင်္လာသားသမီးအပေါင်း သူတော်ကောင်းတို့သည် …စိတ်၏ချမ်းသာခြင်း..ကိုယ်၏ချမ်းသာခြင်းဖြင့် ပြည့်ဝချမ်းသာ နိုင်ကြပါစေကုန်သတည်း..။
စာဖတ်သူအားလုံးကို လေးစားမြတ်နိုးစွာဖြင့်
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးခိုင်

Saturday, May 16, 2015

၁၃၇၇ ခုနှစ် တနင်္ဂနွေသားသမီးများ Ko Soekhaing

တနင်္ဂနွေနေ့ဖွားတို့ ကံဇာတာ (၁၃၇၇ခုနှစ်)
============================
သည်တစ်နှစ် မှာတော့ တနင်္ဂနွေဂြိုဟ်သည် မရဏဌာနမှာ ရပ်တည်နေပါတယ်။ တနည်းအားဖြင့်ကတော့ …သည်တစ်နှစ်အဖို့ တနင်္ဂနွေနေ့တွင် ဖွားမြင်ထားသူ အားလုံး အဖို့ မရဏဌာနရဲ့ လွှမ်းမိုးမှု သက်ရောက်နေသော ကာလ လို့ ဆိုနိုင်ပါတယ်။
တော်တော်များများသော သူတွေကတော့ မရဏ ဆိုတာနဲ့ အသံကြားရုံဖြင့် ဟင်…ညံ့မှာလား ဆိုတဲ့ အတွေးမျိုး ၀င်လာတတ်ကြပါတယ်။ ဒီလိုဖြင့် တရားသေ မဟုတ်နိုင်ပါ။
ကောင်းပြီ …။ ဒီတစ်နှစ်အတွက် တနင်္ဂနွေနေ့ဖွားတို့ ကံဇာတာကို အနဲငယ် ချိန်ဆကြည့်ကြပါစို့။
တနင်္ဂနွေနေ့ဖွားများ အတွက် ၁၃၇၇ခုနှစ်ခုနှစ် ကံဇာတာ
==============================
သည်တစ်နှစ်မှာတော့ တနင်္ဂနွေနေ့ဖွားများအဖို့ …တာဝန်တွေ ပိုမိုလာတတ်ချိန်ပါ။ ကိုယ်လုပ်ထားခဲ့သော အတိတ်ကံအကြောင်းတရား တို့ရဲ့ အကျိုးဆက်များ …(ဘ၀မကူးပဲ) ဒီဘ၀မှာတင် အကျိုးပြန်လည်သက်ရောက်မှု ကြုံလာတတ်သော ကာလ လို့လည်း ဆိုနိုင်ပါတယ်။ ဆိုလိုသည်က အကြွေးမြီ ရှိခဲ့ရင် သည်တစ်နှစ်သည် ပြန်ဆပ်ရတတ်သော နှစ်ပါ။ ကိုယ်လုပ်ထားခဲ့ဖူးသော မကောင်းမှု (သို့) ကောင်းမှု အလိုက်.. ပြန်လည်ပြီး အသီးအပွင့်များ ဖူးပွင့်လာတတ်သော ကာလ ဆိုလည်း မမှားပါ။
သာမန်အားဖြင့် သတိထားမိမယ်ဆိုရင်တောင်…. သူတစ်ပါးကို ဆေးလိပ်သောက်လို့ မှိုချိုးမျှစ်ချိုး ဝေဖန်ခဲ့ဖူးသော ကိုယ်ကိုယ်တိုင် ဆေးလိပ်ကလေး တစ်ဖွာနှစ်ဖွာ ကောက်စမ်းဖွာကြည့်ရာကနေ …အပြောအဆိုခံလိုက်ရတာမျိုးလည်း ကြုံရချင် ကြုံရသွားတတ်ပါတယ်။ ဆိုလိုသည်ကတော့ ကိုယ်ကိုယ်တိုင် နောင်တရစေလောက်သော …. ၀ဋ်လည်သကဲ့သို့ ဒဏ်ပြန်ခံရတတ်ခြင်းမျိုး သည်တစ်နှစ်မှာ တနင်္ဂနွေနေ့ဖွားတွေအပေါ် ကျရောက်နေပါလိမ့်မယ်။ အနဲစုသော တနင်္ဂနွေ သားသမီးအချို့ အဖို့သာလျှင်….တစ်ချိန်က ကိုယ်လုပ်ခဲ့ဖူးသော ကောင်းမှုကုသိုလ်ကံ အကျိုးဆက် နဲ့ ပုံစံတူ ပြန်လည်ခံစားရတတ်ပါတယ်။ ( သြော်….လူအများစု …မှာကလည်း မကောင်းတာနဲ့ ကောင်းတာနဲ့ ဆို မကောင်းတာကိုသာ ပိုမိုပြုလွယ်ကြတာကိုး…။)
သည်တစ်နှစ်ဟာ တနင်္ဂနွေနေ့ဖွားများအဖို့ …ဖြစ်နိုင်သမျှ သီးခံခြင်း နဲ့ စိတ်ရှည်ရှည်ထားနိုင်ခြင်းများ ရှိရမယ့် ကာလဖြစ်ပါတယ်။ နဂိုက မည်မျှပင်စိတ်မြန်သူ ဖြစ်နေစေကာမူ …ဒီတစ်နှစ်ထဲမှာ တော့ ….စိတ်ရှည်သီးခံပြီး အချိန်စောင့်ဆိုင်းတတ်ဖို့ မုချ လိုလာပါပြီ။ ဒါကြောင့် …..
သင်ဟာတနင်္ဂနွေနေ့မှာ မွေးဖွားခဲ့သူတစ်ယောက်ဖြစ်မယ်ဆိုရင် ………
သည်တစ်နှစ်အတွင်းဖြတ်သန်းနေစဉ်မှာ…
(က) အထူးစိတ်ရှည်ပါ။
(ခ) သီးခံပါ။
(ဂ) မာန်မာနကို လျှော့ချပြီး …သူတစ်ပါးတို့ကို ဖြစ်နိုင်သမျှ အရိုအသေ အသိအမှတ် ပြုတတ်အောင် ကြိုးစားပါ။
ကောင်းပြီ။ ….ကျန်တဲ့အချက်တွေကိုတော့ …အခန်းကဏ္ဍ နဲနဲဆီ ခွဲပြီး တင်ပြသွားပါမယ်။
(၁) စီးပွားရေး
========
ဒီတစ်နှစ် မိမိတို့ ရှာဖွေနေသမျှ အကျိုးစီးပွား ကဏ္ဍတွေမှာ အပြိုင်အဆိုင် အလွန်ပေါများပါမယ်။ ဘာပဲ လုပ်လုပ် ကိုယ့်ကို ပုခုံးချင်းလိုက်ပြီး ယှဉ်နေမယ့်သူ သိပ်ပေါများနေသလို ဖြစ်နေတတ်သော ကာလပါ။ ယုတ်စွအဆုံး …ခရီးသွားမလို့ လက်မှတ်ဖြတ်ရာမှာတောင် …လက်မှတ်တူ ခုံတူ ..ဖြစ်နေတတ်ခြင်း သို့မဟုတ်..နေရာလုနေရတတ်ခြင်းမျိုး ကြုံရတတ်သော ကာလပါပဲ။
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှာလည်း ထို့အတူသာ မှတ်ရမယ့်ကာလ ဖြစ်ပါတယ်။ လုပ်ငန်းပြိုင်ဘက်တွေ ပေါ်လွယ်သောကာလ ဖြစ်သလို၊ ၀န်ထမ်းသမားတွေ အတွက်လည်း … ကိုယ့်ကို အတိုက်အခံလုပ်နေမယ့် ပြိုင်ဘက်အချို့ ပေါ်လာတတ်သော ကာလ ဖြစ်ပါတယ်။
အရမ်းကြီး အနိုင်ကျင့်ခံနေရမယ်ဆိုရင်တော့ …အောက်ပါယတြာလေးကို ဆန္ဒရှိသူများ လေးနက်စွာ လုပ်ကြည့်နိုင်ကြပါတယ်။
အင်္ဂါထောင့်တွင် …ရေ (၁၅) ခွက်တိတိ ရေသပ္ပါယ်ပါ။ အနဲဆုံး တစ်ပတ်တစ်ခါ ပုံမှန်လုပ်ကြည့်ပါ။ အဆိုပါ အင်္ဂါထောင့်တွင်ပင်…မေတ္တာသုတ်တော်ကို (၁၅) ခေါက်တိတိ..ဖြေးဖြေးမှန်မှန် ရွတ်ဆိုပြီး ..အမျှဝေပါ။
(၂) လူမှုရေး
=========
အဆင်မသင့်ရင်….အလွန်ရင်းနှီးသောသူများ နဲ့သော်မှ….ရန်သူရန်ဘက်သဖွယ် ဖြစ်လာတတ်သော ကာလမို့ သတိထားရမယ့်ကာလပါ။ ကိုယ့်သွေးကိုယ့်သား ဆွေမျိုးသွေးသားများ နှင့်သော်လည်းကောင်း ..ရန်မီးပွားရကိန်းလည်း ရှိနေတာမို့…မေတ္တာနဲ့ အရာရာကို ဖြေရှင်းတတ်ပါမှ သင့်မယ့်ကာလဖြစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ အမျိုးသမီးအချို့ရဲ့ ရန်ပြုမှုကို ရင်ဆိုင်ရတတ်သော ကံဟာ …တနင်္ဂနွေနေ့ဖွားတွေအပေါ်မှာ ကျရောက်နေပါတယ်။ ဒီကံကို အချို့သော တနင်္ဂနွေနေ့ဖွားများအဖို့ …ကြီးကြီးမားမားပိုမိုခံစားရပါလိမ့်မယ်။ အတ္တဟိတကို ရှေ့တန်းတင်လို့ မရနိုင်တဲ့ကာလဖြစ်ပြီး…ဖြစ်နိုင်သမျှ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခြင်းဖြင့် လူမှုရေးကဏ္ဍကို ထိမ်းညှိနိုင်ကြပါလိမ့်မယ်။
(၃) အချစ်ရေး
========
မရေရာတတ်သော ကာလပါ။ ချစ်သူရှိပြီးသူများ ကံမကောင်းရင် …ကိုယ့်ချစ်သူ သူများလက်ပါသွားတတ်သော ကာလလည်း ဖြစ်ပါတယ်။ ချစ်သူမရှိသေးသူများ အဖို့ …ခရီးသွားလာရင်း မေတ္တာရေး ပေါ်ပေါက်တတ်သော ကာလဖြစ်သလို…၊ ရေနဲ့နီးစပ်သော အရပ်ဒေသများမှာ မိမိတို့ရဲ့ မြှားနတ်မောင် …ပျော်မွေ့နေသော နှစ်တစ်နှစ်ဖြစ်ကြောင်း ကြိုတင်သိထားဖို့ လိုအပ်ပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် မေတ္တာရေးကံ အားသာချက်ကလေးရလာနိုင်ဖို့အတွက် ….ရေထဲကို နံ့သာမွှေးမွှေးလေး ထည့်ပြီး ၊ (ရေမွှေးရ၏) ..ဘုရားမှာ ပူဇော် ဆုတောင်းနိုင်ပါတယ်။ ဘုရားစေတီပုထိုးများ ရောက်ချိန်မှာတော့ ….မိမိတို့ မေတ္တာရေးကံ အတွက် ဆုတောင်းလိုပါလျှင်…တနင်္လာထောင့်မှာ …သီးညွန့် (၂၁) ညွန့် ပူဇော်ပြီး ၊ ဆုတောင်းနိုင်သော နှစ်တစ်နှစ်ဖြစ်ပါတယ်။
ဒီတစ်နှစ်အတွင်းသာ ဖြစ်တယ်ဆိုတာကို သတိပြုပါ။
(၄) အိမ်ထောင်ရေး
===========
အမျိုးသားတွေအဖို့ ပိုမိုဂရုစိုက်ရမယ့် ကာလပါ။ အဆင်မသင့်ရင် ဇနီးဖြစ်သူနဲ့ နှောင်ဂျိမ်တွယ်ရတတ်ချိန် ဖြစ်ပြီး၊ အိမ်ပေါ်ကနေ ဆင်းသွားရမယ့်သူကတော့ မိမိပဲ ဖြစ်ပါလိမ့်မယ်။ သာမန်အားဖြင့်ကတော့ …. မိမိအိမ်သူက မိမိကို ..တော်လှန်လိုသော ဆန္ဒ အနဲနဲ့အများ ဖြစ်လာတတ်ချိန်လို့ မှတ်ယူနိုင်ပါတယ်။ ဗုဒ္ဓဟူးနေ့သည် မေတ္တာရေးကံကို …အားနဲစေနိုင်သော အကြောင်းအရာ ဖြစ်တာကြောင့်…အိမ်ထောင်ရေး အားနဲချိန်ကြုံနေသော အိမ်ထောင်စုများအဖို့….အစိမ်းရောင်ရှိသော ပရိဘောဂအသုံးအဆောင်များ ကို လျှော့ချ သုံးစွဲဖို့လိုအပ်ပါလိမ့်မယ်။
တစ်ကယ်လို့ အိမ်ထောင်ရေး မသာမယာဖြစ်နေပြီး ယတြာအဖြစ်တစ်စုံတစ်ရာ လုပ်ဆောင်လိုသူများ ရှိခဲ့မယ်ဆိုရင်တော့ …..တနင်္လာနေ့ နံနက်စောစောမှာ…သီးညွန့်ကို ဘုရားမှာ အပတ်စဉ်ကပ်ပေးသင့်ပါတယ်။ မကပ်မီမှာ ..ရေမွှေးထည့်ထားသော ရေနဲ့ ဘုရားကို ရေအရင် သပ္ပါယ်သင့်ပါကြောင်း…။
(၅) ကျန်းမာရေး
=========
ပူလွန်းသော အေးလွန်းသော အစားအစာများ ရှောင်ကျဉ်သင့်ချိန်ပါ။ ကျောက်ကပ်နဲ့ အစာအိမ်ပိုင်းဆိုင်ရာ မှာ ဥပါဒ်အနဲငယ်ကပ်ညိ လွယ်သော ကာလဖြစ်ပါတယ်။ အမျိုးသမီးများအဖို့တော့ …ရင်သားနဲ့ မီးယပ်ပိုင်းဆိုင်ရာ ဂရုပြုရမယ့်ကာလပါပဲ။ သာမန်အားဖြင့်ကတော့ …ချောင်းဆိုးခြင်း၊ အခြားသူထံမှ ရောဂါဘယ ကူးစက်တတ်ခြင်းနဲ့ …ခြေခါး နာကျင်တတ်ခြင်းများ ကျရောက်လာတတ်ချိန်လို့ မှတ်ယူနိုင်ပါတယ်။
ကျန်းမာရေးအတွက် ယတြာကတော့…သက်ကြီးရွယ်အိုများကို …အားဆေး(အရည်) ၊ ကြက်ပေါင်းရေ၊ ငှက်သိုက် စသဖြင့်တို့ …လှုဒါန်းခြင်းပဲ ဖြစ်ပါတယ်။
(၆) ပညာရေး
=========
ပညာသင်ကြားရေးမှာ ရန်အနှောက်အယှက် အပြိုင်အဆိုင်များတတ်သော ကာလ ဖြစ်ပါတယ်။ သို့သော်...ဇွဲရှိပြီး ..မိမိကိုယ်ကိုယ် အရည်အသွေး တိုးတက်အောင် ကြိုးစားနေသူများအဖို့တော့ ...အရမ်းတန်ဖိုးရှိတဲ့ ကျောင်းမျိုးတွေ ၊ စူပါကျောင်း စူပါသင်တန်းတွေ တက်ခွင့်ရတတ်သော ကာလဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြားဆိုင်ရာ ...သင်တန်းနဲ့ ကျောင်းများကို ပိုမိုအားပြုလျှောက်ထား ကြိုးစားကြည့်သင့်ကြသော ကာလမျိုး ဖြစ်ပါတယ်။
အထွေထွေ
======
သည်တစ်နှစ်ဟာ တနင်္ဂနွေသားသမီးများ စွာ အဖို့ ခရီးသွားလာနေစဉ် အန္တရယ်ကြုံရတတ်ခြင်းမျိုးကံ သင့်ရောက်နေချိန်ပါ။ ဥပါဒါန် ဖြစ်မှာစိုးပေမယ့် …ဒီအချက်ကို မဖော်ပြဘဲ ထားခဲ့လို့လည်း မသင့်တာကြောင့် ထည့်သွင်းရေးသားလိုက်ရခြင်းသာ ဖြစ်ပြီး….အစိုးရိမ်ကြီးမှု နဲ့ ကြောင့်ကြမှု မများဖို့တော့ တင်ကြိုနှလုံးသွင်းထားစေလိုပါတယ်။
တနင်္ဂနွေနေ့ဖွားများထဲမှာမှ…နာမည်အဖျားစာလုံး( နာမည်အဆုံးစာလုံး) ကို တနင်္ဂနွေနံ (အ၊ဥ) ဖြင့် ………….အေးအေးအောင်၊ အောင်နိုင်ဦး ၊ စသည်ဖြင့် မှည့်ခေါ်ထားသူများ နဲ့ တနင်္ဂနွေဂြိုဟ်အင်အားကြီးစိုးသော နာမည်ရှင်များ ဖြစ်သည့် ( ဥပမာအားဖြင့် …လင်းနေခြည်၊ သူရိန်ထွန်း၊ နေလင်း ၊ သူရမင်း၊ အဂ္ဂမောင် …စသည်ဖြင့်သော) နာမည်ရှင်များ အတွက် …..
….ခရီးသွားလာစဉ် အန္တရယ်ကံ ပိုမို အင်အား များနိုင်ပါတယ်။ ဒီနာမည်ရှင်တွေ ထဲမှာမှ မူလဇာတာ နဲ့ ဖြတ်သန်းနေဆဲ အသက်ပိုင်းခြား( ဒသာများ အရ) တိုက်ဆိုင်နေခဲ့မယ်ဆိုရင်သာ ထိုကံသည် အနဲနဲ့အများ၊ အထူအပါး ကွဲပြားစွာ ကံအင်အား သက်ရောက်မှု ရှိလာပါမယ်။ ထားပါစို့..။
ဆက်ရမယ် ဆိုရင် …သည်တစ်နှစ်မှာ …တနင်္ဂနွေနေ့ဖွားများအဖို့ ပရဟိတ လုပ်ငန်းများ နဲ့ ပတ်သက်ဆက်နွယ်နေမှု ရှိပါမှ …ကံအညံ့ကင်းလွတ်သက်သာမှု ရှိမယ့် ကာလဖြစ်ပါတယ်။
ရန်သူ အတိုက်အခံ ပေါများတတ်ချိန်လည်း ဖြစ်တာမို့…ခန္ဓသုတ်တော်ကြီးကို မမေ့မလျော့ မပေါ့မဆ တစ်ဖွဖွ ရွတ်နေပါမှ ..သင့်မယ့်ကာလပါ။
အထင်ရှားဆုံးကံတစ်ခုကတော့ ကိုယ့်မှာရှိထားတဲ့ ပိုင်ဆိုင်မှု ပိုင်ဆိုင်ခွင့်တွေကို မတော်မတရား ရှယ်ယာလာခွဲချင်နေကြတဲ့ ရန်သူမျိုးတွေ ပေါ်လာတတ်ခြင်း ကံပါပဲ။ ရန်သူတွေက အားကောင်းပြီး ကိုယ့်ကို ညီညီညွတ်ညွတ်ဝိုင်းတိုက်ကြ၊ ကိုယ့်ကိုယ် ၀ိုင်းပယ်ချင်ကြတဲ့ သည်ကာလမျိုးမှာ…စိတ်ရှည်သီးခံနိုင်ခြင်း ဟာ အကောင်းဆုံး အမြတ်ဆုံး ယတြာသာ ဖြစ်ပါလိမ့်မယ်။
အကယ်၍ သဘာဝ ယတြာ အဖြစ် ဆောင်ရွက်လိုသေးတယ်ဆိုရင်တော့ … သိပ်ပြီးရန်များလာတဲ့အချိန်မှာ. … စနေဂြိုဟ်တိုင်ထောင့်မှာ … စနေနံ အညွန့်အခက်တွေကိုလှုဒါန်းရင်း…စနေဂြိုဟ်မင်းကို အထူးမေတ္တာပို့သ ပြီးတဲ့နောက်…ရန်သူများကို တားဆီးပေးဖို့ ဆုတောင်းနိုင်ပါတယ်။ (ဒီတစ်နှစ်မှာ ကိုယ့်ရန်သူတွေကို တားနိုင်တာကတော့ သူပါပဲ။ ) ကဲ…ယုံတာ မယုံတာနောက်ထားလို့…………ဆောင်းပါးရှည်နေပြီမို့….အနှစ်ချုပ်ကြပါစို့..။
သည်တစ်နှစ်မှာ အားအသာနိုင်ဆုံးအချက်ကတော့ ….နေရာကောင်းရလွယ်တတ်သောကံပါပဲ။ ထို့အတူ မိမိတို့ကို နောက်ကွယ်ကနေ ထောက်ပံ့ပေးမည့် ပုဂ္ဂိုလ်များ ပေါ်ပေါက်လာတတ်သော ကာလဖြစ်ပါတယ်။ အထူသဖြင့် နာမည်အဖျားစာလုံးကို ( ရ ဖြင့်) မှည့်ခေါ်ထားသော တနင်္ဂနွေနေ့ဖွားများ (ဥပမာအားဖြင့် …လင်းမိုးရွှေ၊ မိုးမြင့်ရွှေ၊ အောင်သူရ၊ အောင်ရင် …စသည်ဖြင့်) မှည့်ခေါ်ထားသော အမည်ရှင်များ ဤကံအကျိုးပေးကို ပိုမိုရရှိကြပါလိမ့်မယ်။
အရင်းအနှီးမရှိကြသေးသူများ အရင်းအနှီးရလွယ်သော နှစ်မျိုး ဖြစ်ပြီး၊ ထီးကံစမ်းလိုသူများ …ခရီးသွားရင်လာရင်းဖြစ်စေ…ရပ်ဝေးကထီဆိုင်ကနေ ထီကံစမ်းသင့်သော အချိန်ပါ။
နိုင်ငံရပ်ခြားဆိုင်ရာကံ နဲ့ လူမျိုးကွဲ ဘာသာကွဲများ ဆိုင်ရာ ကံ အင်အား ကောင်းနေချိန်မို့...ယင်းတို့နဲ့နှီးနွယ်ဆက်စပ်နေသော ..နယ်ပယ်ရပ်ဝန်းတို့မှနေပြီး အကျိုးကျေးဇူးရရှိနိုင်သော ကာလလည်း ဖြစ်ပါတယ်။
သည်တစ်နှစ်အတွက် အရေးအကြီးဆုံး အချက်က ……….
တနင်္ဂနွေနေ့မှာ ဖြစ်နိုင်သမျှ ခရီးမသွားသင့်ခြင်း ဖြစ်ပြီး….
ဇွဲရှိခြင်း သည် ယခုနှစ်အတွက် အကောင်းဆုံး ယတြာသာ ဖြစ်ပါလိမ့်မယ်ခင်ဗျား..။
တနင်္ဂနွေသားသမီးအပေါင်း သူတော်ကောင်းတို့သည် …စိတ်၏ချမ်းသာခြင်း..ကိုယ်၏ချမ်းသာခြင်းဖြင့် ပြည့်ဝချမ်းသာ နိုင်ကြပါစေကုန်သတည်း..။
စာဖတ်သူအားလုံးကို လေးစားမြတ်နိုးစွာဖြင့်
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးခိုင်
www.mahabote.org

Saturday, May 9, 2015

ထောပတ်ထမင်းနဲ့ ဆိတ်သားနှပ်

ထောပတ်ထမင်းနဲ့ ဆိတ်သားနှပ်
တစ်နေ့သ၌ ကျွန်ပ်နေထိုင်ရာ မှော်ဘီမြို့ အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော် မင်္ဂလာခြံသို့ ကျွန်ပ်နှင့် တစ်ရပ်ကွက်ထဲ နေခဲ့ဖူးသော ကိုပီတာဆိုသည့် လူကြီးတစ်ဦး ရောက်ရှိလာလေ၏။ ထိုကိုပီတာကြီးသည် စိတ်ကောင်းစွာ မနှံ့သူ လူကြီး တစ်ဦးဖြစ်သောကြောင့် အချို့က အရူးပီတာဟု ရင့်ရင့် သီးသီး ခေါ်ကြလေ၏။ ကျွန်ပ်မှာမူ ထိုသို့မခေါ်ရက်ပါ။ ထို့ကြောင့် ကိုပီတာဟုပင် ကောင်းကောင်းမွန်မွန် ခေါ်လေ၏။ ကိုပီတာကြီးသည် ကျွန်ပ်ကိုလှမ်း၍ မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ……… …ဟေ့…ဖိုးအောင်ထွန်း…ဂွတ်ဒ်မောနင်း….ဂွတ်ဒ်နိုက်ဟု နှုတ်ဆက်လေ၏။ ကဲပါကိုပီတာကြီးရယ် ဈေးကိုလွှတ်ရအုံးမှာ ….ဒီနေ့ မနက်စာကို…ဘာဟင်းနဲ့ စားမလဲ…ဟုကျွန်ပ်ကမေးလိုက်လေရာ..၎င်းက…
ထောပတ်ထမင်းနဲ့ ဆိတ်သားနှပ် စားချင်တယ်ကွာ၊ ဟင်းချိုကတော့ ပဲစင်းငုံကိုချက်ကွာ… ပြီးတော့ ငါးပိရည်၊ တို့စရာ မထည့်နဲ့ ၊သံပုရာသီးသနပ်နဲ့ ဘာလချောင်ကြော်…ထမင်းစားပြီးရင်တော့ မုန့်ကုလားမည်းနဲ့ ရေနွေးကြမ်း..အဲ့ဒါပြီးရင် နက်စ်ကော်ဖီ တစ်ခွက် ခပ်ပြင်းပြင်းလေး၊ နောက်ဆုံးမှာတော့ စီးကရက် တစ်လိပ်၊ အဲသလောက်ဆိုရင်ပဲ တော်ပါပြီ၊ ပီတာအဖို့ အိုကေမှာ စိုပြေပြီပေါ့…ငါ့လူရာ…….
ဟုဆိုသဖြင့် ကျွန်ပ်လည်း ထောပတ်ထမင်း ချက်ရလေ၏၊ ဆိတ်သားကို ဒိန်ချဉ်ဖြင့်နယ်၍ နှပ်ရ၏၊ ဘာလချောင်ကြော်ပြုလုပ်ရ၏၊ သံပုရာသီးသနပ်မှာမှု လုပ်ပြီးသား အဆင်သင့် ရှိ၏။ မုန့်ကုလားမဲမှာ လက်ဆောင်ရထားသည် ဖြစ်သဖြင့် ပူစရာမလိုပေ…ကျွန်ပ်သည် ကိုပီတာကြီးအား..ဆယ်တစ်နာရီ လောက်တွင် အကျအန တည်ခင်းကျွေးမွေးလေ၏… ၎င်းသည် မြိန်ရေ ရှက်ရေ စားသောက်ရင်း..
ဖိုးအောင်ထွန်းက တယ်လည်း သဒ္ဒါတရားအားကောင်း တာကိုး…နတ်ပြည်တတ်ရပြီ…ဟုပြောလေ၏။ ထို့ကြောင့် ကျွန်ပ်က….. ကိုပီတာကြီး…နတ်ပြည်က ဘယ်မှာလဲ…ဟုမေးရာ…၎င်းက
…..မှော်ဘီမှာ….
ဟုပြန်၍ ဖြေလေ၏…ထို့ကြောင့် ကျွန်ပ်က မဟုတ်တာတွေ ပြောပြီ ….ဟုပြန်၍ ပြောလိုက်မိလေ၏…ထိုအချိန်၌မှာပင် ကျွန်ပ်ထံတွင် ဗေဒင်သင်ကြားဖူးသော မိန်းမကြီးတစ်ဦး ..ကျွန်ပ်အနီးသို့ရောက်လာလေ၏….ထိုမိန်းမကြီးသည်..လုပ်ပုံကိုင်ပုံ အချိုးမကျသဖြင့် ကျွန်ပ်ထံသို့ လာရောက် တိုင်တန်းသူ အမြောက်အမြားရှိ၏။ ထို့ကြောင့် ထိုမိန်းမကြီးအား ကျွန်ပ်က နင်ပဲငဆ …ဆူပူကြိမ်းမောင်းရလေ၏။……
..ထိုအခါ ကိုပီတာကြီးက …..ဖိုးအောင်ထွန်းတော့ ငရဲကျပြီ…ဟုပြောလေ၏။….ထို့ကြောင့် ကျွန်ပ်က..ကိုပီတာကြီး ခင်ဗျားပြောတဲ့ ငရဲ ဘယ်မှာလဲဗျ…ဟုမေးရာ..ကိုပီတာကြီးက…..
…….မှော်ဘီမှာကွ……..ဟုပြန်၍ဖြေလေ၏။ ကျွန်ပ်သည် ၎င်းအားပြန်၍ မပြောတော့ပေ။ ကိုပီတာကြီးသည် စားသောက်ပြီးစီးသွား၍…စီးကရက် တစ်လိပ်ကိုရှုက်ဖွာ၍ နေလေ၏။ ထို့နောက်……………
မင်းကိုပြောရအုံးမယ်…ဟိုး…….ရှေးရှေးတုန်းက ဂျပန်လူမျိုး စစ်သူရဲကောင်း တစ်ယောက်ဟာ ဂျပန်ဘုန်းတော်ကြီး တစ်ပါးစီကို…အရှင်ဘုရား…ငရဲပြည်..နတ်ပြည်ဆိုတာ တကယ်ရှိသလား ….တကယ်ရှိတယ်ဆိုရင်..ငရဲပြည်ကိုဝင်တဲ့ဂိတ်၊ နတ်ပြည်ကိုဝင်တဲ့ ဂိတ်ပေါက်ဟာ…ဘယ်နေရာမှာလဲ ဘုရားတပည့် တော်ကို ညွှန်ပြပေးပါ၊ အဲဒီလိုညွှန်ပြပေးလို့ တပည့်တော်သိထားရင်..ငရဲပြည်ဝင်တဲ့ဂိတ်ကို တပည့်တော်ရှောင်မယ်။ နတ်ပြည်ဝင်တဲ့ ဂိတ်ကို တပည့်တော် သွားမယ်လို့လျောက်ထားလိုက်တယ်။ အဲ့ဒီမှာ ဘုန်းတော်ကြီးက အဲဒီဆာမူရိုင်းကို …နေစမ်းပါအုံး…မင်းကဘာလဲလို့ ပြန်ပြီးမေးတယ်…အဲဒီတော့ ဆာမူရိုင်းက …တပည့်တော်ဟာ စစ်သူရဲကောင်း ဆာမူရိုင်း တစ်ယောက်ပါ..လို့ဖြေလိုက်တယ်။ ဒါပေမဲ့ ဆရာတော်ကြီးက မင်းပြောလို့သာပဲ ဆာမူရိုင်းလို့ သိရတယ်။ ငါ့ရဲ့မျက်စိထဲမှာတော့ မင်းကသူတောင်းစား တစ်ယောက်လိုပါပဲ။ လို့ပြောလိုက်ရော…ဆာမူရိုင်းဟာ သိပ်ပြီးစိတ်ဆိုးသွားတယ်။ အမှန်က ဆာမူရိုင်းတွေဟာ သိပ်ပြီးရိုးသားကြပါတယ်။သူတို့ရဲ့ခေါင်းထဲမှာလဲ ဘယ်လိုရှုပ်ရှုပ်ထွေးထွေး အရာတွေ မရှိပါဘူး၊ အသက်ရှင်တာနဲ့ သေတာ နှစ်မျိုးလောက်ကိုပဲ အဓိကထားပြီး စဉ်းစားကြပါတယ်၊ …ရှင်မလား…
သေမလား….သေရမယ်ဆိုရင်လည်း..အခုချက်ချင်း သေဝံ့တဲ့ လူတွေပါ၊ အဲ့ဒီတော့ ဆရာတော်ကြီးက ..သူ့ကိုသူတောင်းစားနဲ့ တူတယ်လည်းပြောရော…ဆာမူရိုင်းဟာ ခါးမှာလွယ်ထားတဲ့ ဓါးကြီးကို…ဆက်ခနဲ ဆွဲထုတ်လိုက်တယ်။ ဓါးအိမ်ထဲက တစ်ဝက်လောက် အထွက်မှာပဲ ဆရာတော်ကြီးက မင်းအတွက် ငရဲပြည်ရဲ့ ဂိတ်တံခါးဟာ ပွင့်သွားပြီ၊ ဘာကြောင့်လဲဆိုတော့ မင်းဟာ ဘုန်းတော်ကြီး တစ်ပါးထံလာပြီး သတ်မယ်…ဖြတ်မယ်လို့ကြံတာကိုး… အဲဒီတော့ မင်းရဲ့ ငရဲပြည်ဂိတ်တံခါး ပွင့်သွားပြီပေါ့။ လို့ပြောလိုက်တယ်။ အဲ့ဒီအခါမှာ ဆာမူရိုင်းဟာ သတိပြန်ဝင်လာပြီး ဓါးကို ဓါးအိမ်ထဲ ဒေါက်ကနဲ ပြန်ထည့် လိုက်တယ်။ ပြီးတော့ ဆရာတော်ကြီးကို လက်အုပ်ချီလိုက်တယ်…အဲ့ဒီတော့ ဆရာတော်ကြီးက ဟော….
ဆာမူရိုင်းရေ….မင်းရဲ့နတ်ပြည်တံခါးပွင့်ပြန်ပြီကွ၊ ဘာဖြစ်လို့လဲဆိုတော့ လေးစာကြည်ညိုရမယ့် ပုဂ္ဂိုလ်ကို မင်းက လေးစားကြည်ညိုတယ် မဟုတ်လား၊ ငရဲတွေ နတ်ပြည်တွေ ဆိုတာ အပြင်မှာ မရှာပါနဲ့ ဆာမူရိုင်းရယ်။ မင်းရဲ့ ခန္ဓာထဲမှာပါပဲ၊ မင်းရဲခန္ဓာတွင်းမှာ ငရဲရော၊ နတ်ပြည်ပါလုံလုံလောက်လောက် ထည့်ပြီးသားပါ။ ဘယ်မှာရှာမတုန်းလို့ ပြောလိုက်တဲ့ အခါမှာ ဆာမူရိုင်းဟာ သဘောပေါက် သွားတယ်။
အဲ့ဒီတော့ မင်းသိင်္ခလို့ခေါ်တဲ့ မောင်အောင်ထွန်းရေ…..အသက်လည်း မငယ်တော့ဘူး၊ ဂိမ်းဘောရောက်နေပြီ၊ မင်းရဲ့ ငရဲလမ်းနဲ့ နတ်ပြည်ဟာ ဝေးဝေးမှာ မဟုတ်ဘူး…ဟောဒီ မှော်ဘီမှာပဲ၊ မှော်ဘီမှာတောင်…ဟောဒီ မရမ်းတလင်းမှာပဲ….ဟောဒီ မရမ်းတလင်းမှာဆိုတာ ထက်…
ဟောဒီ…..မင်းရဲ့ခန္ဓာထဲမှာ………
ဟုဆိုကာ ကျွန်ပ်၏ ရင်ဘတ်ကြီးကို သူ၏လက်ဝါးကြီးဖြင့် ဘုန်းကနဲပုတ်၍ တဟဲဟဲရယ်ကာ ကျွန်ပ်အားနှုတ်ဆက်၍ ခံ့ညားစွာ လျှောက်လှမ်း ထွက်သွားလေတော့ သတည်း။
မင်းသိင်္ခ
ဒီဆောင်းပါလေးကို ဖတ်မိပြီး မိမိတို့ရဲ့ သွားမယ့် ဂိတ်တံခါးကို မိမိတို့ ခန္ဓာမှာ မှန်ကန်သော ညဏ်အမြင် မှန်ကန်သောသီလ ….မှန်ကန်သောသတိ…. မဂ္ဂင်ရှစ်ပါးတရားလမ်းစဉ်များ လက်ကိုင်ထားကြလို့ …..ယခုမျက်မှောက်ဘဝ မှာပင်…ရှာဖွေတွေ့ရှိနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
လေးစားစွာဖြင့်
Mg Noe

Thursday, May 7, 2015

သင်တန်းဆင်း ဗေဒင်ဆရာ

မှော်ဘီ
..မရမ်းတလင်းခြံက ပြန်လာတယ်။
ကျွန်တော်နေတဲ့...သူငယ်ချင်း အိမ်တန်းပြန်တာပေါ့၊
ဟေ့ကောင်တွေ....ငါပြန်လာပြီဟ...
ဟာ...ကုလားကြီး...မင်းအသားအရည်တွေ..
မှော်ဘီကပြန်လာမှ...အရင်ထက်စာရင်...ပိုနက်"လာတယ်ကွ...။.ဟေ့ကောင်တွေ..ရိုရိုသေသေပြောကွ...ငါကဆရာကွ...အေးကွာ..ဆရာဆိုလည်း..
ရောက်တုန်း
ရောက်ခိုက်...ခပ်ပါးပါးလေးချလိုက်ရအောင်...
ဟု..ကျော်ကြီးဆိုသော...ငမိုက်သားမှ...ပြောလေ၏
ဟေ့ကောင်...ဘုရားမကြိုက်တဲ့..အလုပ်ငါမလုပ်ဘူးကွ....ငါကြိုက်တဲ့အလုပ်ပဲ..ငါလုပ်တော့တယ်။အမလေး....ကိုရွှေကုလားနက်ရယ်...မင်းက.အခုမှ စကားကြီး..စကားကျယ် လုပ်နေတယ်။..ငါတို့ကို.. မောနီးပတ်..ချတတ်အောင်..မင်းပဲဖျက်စီးတာ..
ညကြီးသန်းခေါင်တောင်...မရရအောင်ရှာဖွေပြီး
မမူးမူးအောင်..မင်းပဲလုပ်ခဲ့တာလေ...
မရဘူးကွာ.ဟုငမိုက်သားမှ..ပြောပြန်၏
တကယ်ပါကွာ..ငါဗေဒင်ဆရာ.လုပ်တော့မှာဆိုတော့
မသောက်တော့ပါဘူးကွာ...မင်းတို့ချချင်..ချကွာ
ငါလိုက်ထိုင်ပေးမယ်..ဟုပြောရလေ၏၊
နေဦးကုလားရ...မင်းကို.ဆရာမင်းသိင်္ခဆီက.
.ပြန်လာရင်..ဗေဒင်ကြည့်ဖို့ကြွခဲ့ပါလို့...မှာထားတယ်။
ဒီနေ့တော့..ရောက်တုန်း..ရောက်ခိုက်..နားရင်း
ငါတို့နဲ့...အရက်ဆိုင်တော့..လိုက်ခဲ့ဦး..
အေးကွာ...လိုက်ခဲ့မယ်ဟု..ပြောရပြန်၏
အရက်ဆိုင်သို့ရောက်လျှင်..ရောက်ချင်း...ဗျို့..
ကိုကုလား..ဆိပ်ပဲရှိတယ်..ရွှေပတ်အပြားပဲလား...
ဟာ..နေနေ..ကိုသိန်း..ကျွန်တော်..မချတော့ဘူး
ဒီငမိုက်သားကောင်တွေသာ..လုပ်ပေးလိုက်တော့
ကျွန်တော်ကို..အအေးတစ်လုံးနဲ့...စီးကရက်တော်
်ကြီးသာ..ချတော်မူ..မောင်သိန်း"ဟုမိန့်ရလေ၏
....ကြားသားမိုးကြိုး..ကိုရွှေကုလားရယ်...နားရှိလို့
သာ...ကြားတော်မူရသကိုးဗျာ....နှိပ်ဟ
တကယ်ပြောတာ..ကျွန်တော် ဗေဒင်ဆရာလုပ်မှာ
မသောက်တော့ဘူးဗျာ...
ဒါဆိုရင်လည်း..ငါ့လည်းကူညီပါအုံးဟ...ရင်နှီးနေသည့် အလျောက်..အားမနာတမ်းပြောကြလေ၏.
ဒီလိုရှိတယ်...ကိုသိန်းရ..ကျွန်တော်က ခင်ဗျားကို.ခင်နေလို့သာ..ပြောရမှာ..အရက်ဆိုင်တို့...လမ်းဘေးတို့မှာ...မဟောရဘူးဗျ....ခင်ဗျားဆိုင်က..
SuperStar..ဆိုတာ..အဓိပ္ပယ်က...တအားကိုကြီးနေတာဆိုင်းဘုတ်နဲ့..ဆိုင်အနေထားနဲ့...ဟက်နေအောင်လုပ်ဗျာ....မီးတွေ..ထွန်းဗျာ...Good.လာလိမ့်မယ်။
ယခုငှင်းဆိုင်...အတော်ကို..အခြေနေကောင်းသွားပြီ
ဖြစ်၏.......
ဒါက..ပထမဆုံး..အတွေ့အကြုံ
နောက်နေ့ကျတော့...ကျော်ကြီးဆိုတဲ့ကောင်က..လည်ကတုံးနဲ့...ယောပုဆိုးထုတ်ပေးတယ်။.
လာကွာ...ကုလား...ရော့ဝတ်...မနေ့ကမင်းလာမယ်လို့..ငါပြောထားတယ်၊.အိုက်ကျမှ ထမင်းစားတဲ့
ဘာပဲ့ဖြစ်ဖြစ်....ထမင်းလဲ ရောက်မှ...စားဖို့ဖိတ်ထားတယ်ကွ...
ဟုပြောရင်း...နှစ်ယောက်သားချီတတ်သွား...ရလေ၏
ထိုအိမ်သို့..ရောက်ရောက်ခြင်းပင်..အိမ်ပေါ်သို့တတ်သည်နှင့်.....အိမ်ရှင်..အမကြီးမှ......ဆရာလေးကြွလာ
ပြီဟေ့ဟု.....အော်လိုက်လေရာ...အိမ်အနီးအနား.
ဝန်းကျင်မှ...အလျိုအလျိုရောက်လာကြလေတော့၏
ကျွန်ပ်လည်း...နေရင်းထိုင်ရင်း...သီလရှင်ဖြစ်သွားရ
လေ၏။....ဆရာလေး...ထမင်းအရင်..စားပါလာရှင်ဟု
ပြောရာ....ဟာ...မဟုတ်တာ...အမရယ်...
မဟုတ်တာကို....ဟုအားနားစွာ...ပြောရတော့၏
အဲ့ဒီ....မဟုတ်တာ.....မဟုတ်တာ"ဟုသော စကားဖြင့်
ကျွန်ပ်၏ သူငယ်ချင်းများ...လဘက်ရည်ဝိုင်းတွင်ငှင်း
အရက်ဆိုင်တွင်ငှင်း...အခြားသောပိုက်ဆံရှင်းရမည့်
နေရာတော်တော်...များများတွင်...လူလည်
လုပ်ခဲ့သည်ချည်းပင်....ကျွန်ပ်၏..သူငယ်ချင်းမှာ...
အကြောင်းသိမို့...ပြုံးစိစိ...အမူအရာ...
ငှင်းစိတ်ထဲတွင်....ဒီကုလားတော့..လူလည်လုပ်နေပြီ
ဟုထင်မည်မှာမလွဲနိုင်.....ပေတကား...
ကျွန်ပ်လည်း....ဆရာဆိုဒ်ဂိုက်ကတော့...အသားမည်းပင်...မည်းလင့်ကစား" လည်ကတုံးအင်္ကျီကို...ကော်လံ.ကြယ်သီး...အပြည့်တတ်ထားရ၏...ထမင်းဝိုင်းပြင်ပြီးသော အခါ
ဟင်းပွဲအား...ဝေ့၍ကြည့်လိုက်ရာ...ကျွန်ပ် အလွန်ကြိုက်သော...ဝက်သားဟင်း...ပဲကုလားဟင်း
ငါပိရည်...တို့စရာ..အစုံအလင်....
သူငယ်ချင်းနှစ်ယောက်...ဘာပြောကောင်းလိုက်မလဲ
ဗေဒင်ကတော့...တစ်ကွက်မှ...မဟောရသေး
ထမင်းကတော့...စာပြီးပြီ..ဖြစ်၏
ထမင်းစားပြီးသည်နှင့်....အိမ်အနီးမှ..ဧည့်သည့်တစ်ဦးက...ဆရာကြီး..တပည့်တွေ..ဆေးလိပ်
်သောက်တယ်ဟဲ့...ဆေးလိပ်ကလေး...
ဘာလေးလုပ်အုံးဟု
ပြောရာ.....ကျွန်ပ်ကလည်း....မဟုတ်တာအမရယ်"
ဟုပြောရပြန်၏။
ဘာပဲဖြစ်ဖြစ် London တစ်ဘူးရောက်လာ၏။
ဆင်ဖြူတော်ကို...မှီပြီးကြံစုပ်သလား..ဆင်မည်းကိုမှီ
ကြံစုပ်သလား...မသိ...အဖော်လိုက်လာသော
ကျွန်ပ်၏သူငယ်ချင်းမှာ...ငါ့သူငယ်ချင်း...ဆရာကုလားနဲ့ လိုက်လာရတာ...တယ်လဲနေရာကျသကိုးဟု
ထင်နေမည်မှာ...အမှန်ပင်...
ထမင်းစားခြင်း...ကော်ဖီသောက်ခြင်း...ဆေးလိပ်
နှစ်လိပ်ခန့်သောက်ခြင်း...တို့ကို..ပြုလုပ်ပြီး...သကာလ...ဗေဒင်ဟောပြောရန်...ခေါင်းရင်းသို့.ရောက်သွားပြီ.ဖြစ်၏....
စဟောသော..အတွေ့အကြုံမရှိသေး သဖြင့်
တကယ်နှဖူးတွေ့...ဟောရမည်..ဆိုသောအခါ၌
တခုခုကို..စိုးရွံနေသလိုမျိုး...ခံစားရလေတော့၏
အိမ်ရှင်အမကြီးက..ဧည့်သည်တွေ..အရင်ဟောပေးပါဆရာလေးဟုဆိုရာ...စတွေ့တွေ့ခြင်းဟောရမှာက
တစ်ခါမှ မမြင်ဖူးသည့်..တစိမ်း...
ဟိုက်.......ဟုသာ.စိတ်ထဲက..ကျိတ်ပြီး...တွေးရ၏.
လူသိခံ၍.မဖြစ်....ဟို...အဖော်ပါလာ...သည့်
သကောင့်သားကတော့....ဆေးလိပ်ကလေးဖွာလိုက်
ဝိုင်း၍ ထိုင်နေသူများထဲမှ....ကောင်မလေးကို
တကြည့်ကြည့်....နေဦး....ဒင်းတော့.....
ခေါင်းရင်း...ခန်းတွင်..ထိုင်ပြီး....
တောင်စဉ်ရေမရ....လျောက်ယက်ခတ်နေလေတော့၏။.....
အဘပြော..စကားကိုသွား၍...သတိရသော..အခါ၌
အိုက်လို....စိတ်တွေယောက်ယက်...ခတ်နေရင်
ဘာမှဟောလို့....အဆင်ပြေမှာမဟုတ်ဘူး....
ခင်ဗျားတို့....ဗေဒင်..စဟောတဲ့အခါမှာ...မဟာဘုတ်ကိုတတ်ရင်...မဟာဘုတ်နဲ့ပဲဟောပါ....ဘာနဲ့ပဲဟော
ဟော...တည်ငြိမ်ဖို့လိုတယ်...
အဲဒီလို..ဖြစ်ဖို့...ဒီလိုလေး...လေ့ကျင့်ထားပါ
ဆရာတို့.......ဆရာမတို့......
ငါရုပ်ကြီးငြိမ်နေပြီ....ငါရုပ်ကြီးငြိမ်နေပြီ....
စိတ်ထဲကနေ...ရွတ်လိုက်...ငြိမ်သွားတော့မှ
ဟောပေတော့ဗျာဟု.....ဆရာကြီးပြောထားသည့်အတိုင်း....ရွတ်ရလေတော့၏.....
ခက်တာက....ဗေဒင်ကြည့်တဲ့သူက...မျက်လုံးက
အငြိမ်မနေ...ဆရာဘာလုပ်လုပ်...လိုက်ကြည့်တာဗျ...လွယ်အိပ်ထဲက...ဗလာစာအုပ်နဲ့...ဘော့ပင်ထုတ်လည်း...လိုက်ကြည့်...မဟာဘုတ်ခွင်ချ...တောင်ခြစ်
မြောက်ခြစ်လုပ်လည်း....လိုက်ကြည့်...တာဗျာ
ကျွန်တော်လည်း.....စဉ်းစားမိပါတယ်။
သြော်.....သူတို့ကြည့်တာ..မစမ်းပါဘူးလေ...အဲ့ဒီ
အချိန်က...အဘကိုအားကျပြီး...နှုတ်ခမ်းမွှေးစစ
လုပ်ထားတာ...အိမ်ထောင်ကျပြီးမှ....
ကျွန်တော့်မိန်းမ..ပြောတာတော့....ရှင်ကနှုတ်ခမ်းမွှေး
နဲ့ဆိုရင်......ဟိုလေ.....စိုင်းအောင်တင့်နဲ့....တူတယ်ဆိုလား........စဉ်းစားကြည့်ဗျာ
ဒီ..ကြာကူလီ..မင်းသားနဲ့မှတူရသလား....
ဒီလိုနဲ့....တွက်ပြီပေါ့ဗျာ....စလာပြီ....
ခေါင်းကိုငုံ့.....စာအုပ်ကိုပဲကြည့်တယ်....
ပါးစပ်ကလည်း....လျောက်အော်တာပဲ...
အင်း.......ဝင်.....ထွက်....ဝင်.....ထွက်....နာ....သေထွက်....ခင်ဗျား...မရဏဘွားဗျ....‪#‎ရှင်ရင်မြေကြီး‬
သေရင်...ရွှေထီးပဲ......
မေးသူ..အဒေါ်ကြီးမှ......ရှင်....ဟုသာ
ဆက်ပြောတယ်......တနင်္ဂနွေ..တိုင်ထိပ်မှာ...ကောင်းနေတယ်ဗျ.....ဟုတ်ကဲ့ဆရာ....
ခင်ဗျား...တနင်္ဂနွေနံ..ဝင်ဖို့ရှိတယ်ဗျ....ဟုတ်ကဲ့
ဆရာ..အိမ်က...သားအကြီးတနင်္ဂနွေသား....အိမ်က
စိတ်ဆိုးပြီး...ထွက်သွားတာ...နှစ်လလောက်ရှိပြီဆရာ
သူပြန်ရောက်လာတာ....ဝင်တာပဲလား.....
ဟာဒါပေါ့ဗျ......အခြေနေမဆိုး....
အင်္ဂါနံ..ထွက်မယ်နော်....ဟုတ်ကဲ့ဆရာ
စက်ဘီးပျောက်သွားတယ်ဆရာ....ဈေးသွားရင်း
ရပ်ထားတာလေ.....ကျွန်တော်က....ဘာနေနံဆိုတာနဲ့
မေးတဲ့....အဒေါ်ကြီးက....သူဟာသူဖော်သွားတာ
သူနဲ့ကိုနဲ့ကြား.....အတော်ကို...ဟာမိုနီ..ဖြစ်နေတာ
ုဒီလိုနဲ့ပဲ.....ဘာနေ့နံဝင်မယ်..ဘာနေ့နံထွက်မယ်
တွင်တွင်...သုံး၍...တစ်ယောက်ပြီး...တစ်ယောက်
ဟောပြီး...သကာလ....အပြန်တွင်
စာအိပ်တစ်အိပ်....ကန်တော့လေရာတွင်
လမ်းမှာပင်....ဖွင့်ကြည့်သည့်...အချိန်၌
ငွေကျပ်..၅ထောင်..ဖြစ်နေလေတော့...သတည်း။
ကျွန်ပ်၏ အလွဲများအား...ဆက်လက်ဖော်ပြပေး
သွားပါမည်။
ကိုဇော်လင်း
၆.၅.၂၀၁၅