Thursday, November 19, 2015

ရှင်းလိုက်ရအောင်



… ချစ်လှစွာသော သူငယ်ချင်းများ မိတ်ဆွေများ အတွက် …
ကျွန်ပ်အလွန် ကြိုက်နှစ်သက်ပြီး မကြာခဏ ဖတ်ဖြစ်သော ဆောင်းပါလေးတစ်ပုဒ်ကို လိုရင်းကို အကျဉ်းချုပ် ပြန်လည်တင်ပြလိုက်ရပါတယ်။
          တစ်ခါတုန်းက တရုတ်ပြည်မှာ ဘုန်းတော်ကြီး တစ်ပါးသီးတင်းသုံး နေတော်မူပါတယ်။ တစ်နေ့မှာ သူဆီကို ကျောင်းဆရာကြီး တစ်ယောက် ရောက်လာပြီး ထိုင်တောင် မထိုင်ရသေးဘူး၊ သူသိချင်တွေကို တရစပ်စတင်ပြီး မေးပါတော့တယ်။ ဘုန်းတော်ကြီးရဲ့ ဘွဲ့အမည်က နန့်အင်းတဲ့၊ အဲ့ဒီကျောင်းဆရာကြီးက ကျောင်းကလေးပေါ် ရောက်တာနဲ့ အရှင်ဘုရား ကမ္မဋ္ဌာန်း ထိုင်တာ ဘယ်လိုထိုင်သလဲဘုရား၊ မြတ်စွာဘုရားသခင်ဟာ သီတင်းကျွတ်လပြည့်နေ့မှာ သိ င်္ဂီသဋ်နဂိုပြည်ကို တာဝတိံသာကနေ ဆင်း သက် ကြွလာ တော်မူတယ်လို့ ပြောကြတယ်။ အဲ့ဒီမှာ ဘယ်တရားကို ဟောပါသလဲဘုရား၊ စပြီးမေးခွန်းတွေ အများကြီးမေးတော့တာပဲ၊ အဲဒီမှာ ဦးပဉ္စင်းနန့်အင်းက ငြိမ်သက်စွာနားထောင်တော်မူပြီး ဒကာကြီးကြည့်ရတာ အတော်မောနေပုံရတယ်၊ မောမှာပေါ့လေ အသက်ကလေးကလဲ အတော်ရနေပြီးပဲ ပြီးတော့ဒီကျောင်းကလည်း ကြည့်ရင် အတော်နိမ့်တယ်လို့ထင်ရပေမယ့် အတော်မြင့်သား၊ ဒကာကြီးလာတာကလည်း ဟိုးအဝေးကြီးကလာတာမို့လား၊ အမောပြေရေးနွေးကြမ်းလေး သောက်ပါဦး၊ ရေနွေးကြမ်းလေးတစ်ခွက်တော့တိုက်ပါရစေ လို့ဆိုပြီး အနားမှာရှိတဲ့ အုတ်မီးဖိုလေးထဲကို ဦးပဉ္စင်းကိုယ်တိုင်ပဲ မီးသွေးတွေထည့်တယ်၊ မီးမွှေးတယ်၊ ပြီးတော့ရေနွေးအိုးတည်တယ်၊ အဲ့ဒီတည်ထားတဲ့ အချိန်မှာပဲ ကျောင်းဆရာကြီးက သူသိချင်တာတွေကို မေးမယ်တကဲကဲလုပ်တော့တာပဲ၊ အဲဒီတော့ ဦးပဉ္စင်းက ဒကာကြီးရာ မလောစမ်းပါနဲ့ ရေးနွေးကြမ်းလေးဆူပြီးတဲ့အထိ လက်ဖက်ခြောက်ကလေး ကောင်းကောင်း ခပ်ပြီးတဲ့အထိ၊ ပန်းကန်လုံးထဲကိုငှဲ့ပြီးတဲ့အထိ သည်းခံပြီးစောင့်လိုက်စမ်းပါဦး၊ အဲ့ဒီအခါမှာ ဒကာကြီး သိချင်တာတွေ အဖြေရပြီးသား ဖြစ်သွားမှာပါ။ သည်းခံပါ သည်းခံပါ လို့ပြောလိုက်ပါတယ်။ ကျောင်းဆရာကြီးက အတော်လေးကသိကအောက် ဖြစ်သွားပါတယ်။ သူကသိချင်နေတာ ဦးဇင်းက သူ့ကိုရေးနွေးကြမ်းတိုက်ဖို့ကြီး လုပ်နေတယ်။ အဲ့ဒီမှာ ကျောင်းဆရာကြီးရဲ့ စိတ်ထဲမှာ ခတ်တော့တာပဲ၊ ငါ့မှာတော့သိချင်တာလေးတွေ သိရဖို့ အဝေးကြီးက လာခဲ့ရတယ်။ တောင်အမြင့်ကြီးကိုတတ်ခဲ့ရတယ်။ ဒီကြားထဲ ဦးဇင်းကြီးက ငါ့ကိုရေနွေးကြမ်းတိုက်ဖို့လုပ်နေတယ်။ သူတိုက်တဲ့ ရေနွေးကြမ်းလေးတစ်ခွက် သောက်ပြီးရင် ငါမေးတဲ့မေးခွန်းတွေ ဖြေပြီးသားဖြစ်မှာပါလို့ပြောတယ်။ ဘယ်လိုဖြစ်မှာတုန်း၊ ငါသိချင်တာတွေကို ဒီရေနွေးကြမ်းက ဘယ်လိုအဖြေပေးမှာတုန်း၊ ငါတော့ အချိန်ကုန်လူပန်းပြီး လာမိတာ မှားပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီတောင်ပေါ်က မဆင်းခင် ရေးနွေးကြမ်ေးလး တစ်ခွက်သောက်သွားရင်တော့ ပိုကောင်းတာပေါ့လို့စိတ်ထဲမှာဆုံးဖြတ်လိုက်တယ်၊ အဲ့ဒီအချိန်မှာပဲ မီးဖိုပေါ်တင်ထားတဲ့ ရေနွေးအိုးကလေးဟာ ဆူလာတဲ့အတွက် သူ့ရဲ့နှုတ်သီးက တရွှီရွှီ အသံတွေမြည်လာပြီ၊ အဲဒီတော့မှ ဦးဇင်းနန့်အင်းက ရေနွေးကရားထဲ လက်ဖက်ခြောက် ကောင်းကောင်း ခပ်လိုက်တယ်၊ လက်ဖက်ခြောက်ကျလောက်တဲ့ အချိန်လည်းရောက်ရော ပန်းကန်လေးတစ်လုံးကို အောက်ကပန်းကန်ပြာလေးတစ်ချပ်ခံပြီး ကျောင်းဆရာကြီးရှေ့ထိုးပေးပြီး ပန်းကန်လုံးထဲကို ဦးဇင်းကြီးကိုယ်တိုင် ရေနွေးကြမ်းငှဲ့ပေးတယ်၊ ဦးဇင်းကြီးငှဲ့ပေးတဲ့ ရေနွေးကြမ်းဟာ ပန်းကန်လုံးထဲကိုပြည့်ပြီး အောက်ပန်းကန်ပြားထဲကိုပါ လျှံနေပြီ။ နောက်ထပ် တစ်စက်လောက် ထည့်လိုက်တာနဲ့ ပန်းကန်ပြားပေါ်လျှံပြီး ကြမ်းပြင်ပေါ်စီးကျတော့မယ်။ အဲ့ဒီအခါမှာ ကျောင်းဆရာကြီးက ဟိုးဟိုး ဦးဇင်းကြီး ပန်းကန်လုံးရော ပန်းကန်ပြားရော လျှံနေပြီလေ။ ဦးဇင်းကြီးမျက်စိမှုံနေပြီလား၊ ထပ်ပြီးထည့်ရင် ကြမ်းပြင်ပေါ် ဖိတ်ကျဖို့ပဲရှိတော့တယ်လို့ ပြာပြာသလဲပြောတော့တာပဲ။ အဲဒီတော့မှ ဦးဇင်းကြီးက ဒကာကြီး ဖြစ်နေတာ ဒီအတိုင်းပါပဲ။ ကျုပ်ရဲ့တဲကျောင်းကလေးထဲကို ဝင်လာကတည်းက မေးလိုက်တဲ့ မေးခွန်းတွေ ဒကာကြီးရဲ့ တကိုယ်လုံးမေးခွန်းတွေနဲ့ ပြည့်နေတယ်။ အပြင်ကိုတောင်လျှံကျနေပြီ၊ ကျုပ်ရဲ့ကျောင်းကလေးတောင် ပြည့်နေပြီ၊ ကျုပ်ကအဖြေပေးဖို့နေရာတောင် မရှိဘူး၊ အဲ့ဒါကြောင့် ဒကာကြီးပြန်ပါ.. ဒကာကြီးရဲ့ခွက်ထဲက မေးခွန်းတွေ သွန်ချပြီးရှင်းလိုက်ပါဦး..ပြောလိုက်လျှင် ကျောင်းဆရာကြီးသည် သဘောပေါက်သွားပြီး ဖြစ်ရာ ပြုံးလိုက်လေ၏။ ပြီးလျှင် ဦးဇင်းကြီးအား ဦးချ၍ ကျောင်းကလေးအတွင်းမှ စတင်ထွက်ခွာလေတော့၏ ထွက်ခါနီးတွင် ကျောင်းဆရာကြီးက ဦးဇင်းဘက်ကိုလှည့်ပြီး …….
          သဘောပေါက်ပါပြီဘုရား…တပည့်တော်ခွက်ထဲက မေးခွန်းတွေ သိလိုစိတ်တွေကို အပြီးအပိုင်သွန်ချပြီးတော့မှ တစ်ခေါက်လာပါဦးမယ်ဘုရား လို့ပြောလိုက်ပါတယ်။ အဲ့ဒီအခါ ဦးဇင်းကြီးက ခွက်ထဲက မေးခွန်းတွေကို ရှင်းလိုက်ပါဦးဆိုတာ သိလွယ် မြင်လွယ်အောင် ပြောလိုက်တာပါ။ အဲ့ဒါတွေ ရှင်းမှ ထပ်ထည့်လို့ရမှာမဟုတ်လား၊ တကယ်ပြောရရင်တော့ ခွက်ပါမရှိအောင် ရှင်းလိုက်ရင် ပိုကောင်းတာပေါ့၊ အကြမ်းပန်းကန်လုံးကိုပဲ ကြည့်လေ၊ ရေနွေးကြမ်းတွေနဲ့ ပြည့်နေရင် ထည့်လို့မရဘူး၊ အဲ့ဒီရေနွေးကြမ်းကို သွန်ရမှာပဲ၊ ဒါပေမယ့် နောက်တစ်ခါထပ်ပြီး ပြည့်လာဦးမှာပဲ၊ ဘယ်တော့မှ မပြည့်အောင်ဆိုရင် ခွက်ပါမရှိမှ ဖြစ်မယ်ဗျို့၊ ခွက်မရှိလေတော့ ထည့်စရာလည်း မရှိဘူး၊ ပြည်လို့လျှံကျတယ်ဆိုတဲ့ ပြသာနာလဲ မရှိဘူးပေါ့ ဒကာကြီးရယ်လို့ မိန့်တော်မူလိုက်တဲ့ အခါမှာ ကျောင်းဆရာကြီးဟာ တွေတွေကြီး ရပ်နေပြီး ဆက်ခနဲမြေပြင်ပေါ်ကို ဒူးထောက်ချလိုက်လို့  ဦးဇင်းရဲ့ ခြေအစုံကို ဦးခေါင်းနဲ့တိုက်ပြီး ကျေနပ်ဝမ်မြောက်စွာ ရှိခိုးလိုက်ပါတော့တယ်။ ပြီးတော့ ဦးဇင်းနန့်အင်းကို ပြုံးပြလိုက်တယ်။ ဒီအပြုံးဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်သော အပြုံး ဖြစ်သွားပါတော့တယ်ဗျာ၊
ကဲ မိတ်ဆွေတို့ ခွက်ထဲမှာလည်းပြည့်လျှံနေပြီ၊ ခွက်ထဲက ဟာတွေသွန်ချပြစ်လိုက်တော့ဗျာ၊ ထည့်စရာခွက်ကြီးပါ မထားနဲ့တော့ဗျို့…..
အဘဆရာကြီးမင်းသိင်္ခ၏ ဆောင်းပါးလေးအား ပြန်လည်တင်ပြပါသည်။
မေတ္တာဖြင့်
ဆရာ ထွန်းအောင်လင်း